DVB Logo
Home
မြန်မာသတင်း
လက်ဝဲမြင်းနီကျေးရွာကို စစ်တပ်က မီးရှို့၊ အိမ်ခြေ​ ၁၀၀ ကျော်ဆုံးရှုံးပြီး ပြည်သူ ၆ ဦး သေဆုံး
DVB
·
July 13, 2024
လက်ဝဲမြင်းနီကျေးရွာကို စစ်တပ်က မီးရှို့၊ အိမ်ခြေ​ ၁၀၀ ကျော်ဆုံးရှုံးပြီး ပြည်သူ ၆ ဦး သေဆုံး
1 / 5
Donate to DVB

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာကို ဇူလိုင် ၁၀ ရက်နေ့၊ မနက် ၄ နာရီ၀န်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် လူနေအိမ် ၁၀၀ ကျော် ဆုံးရှုံးပြီး ပြည်သူ ၆ ဦးထက်မနည်း မီးဘေးသင့်သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံရွာသားတဦးက “စစ်သားတွေ မနက်အစောကြီးရွာထဲ၀င်လာကြပြီး အိမ်တွေကို မီးရှို့တော့တာပဲ။ ကျနော်တို့လည်း ပြေးရင်းလွှားရင်း မီးငြှိမ်းရတာပေါ့။ စစ်သားတွေက ရွာထဲကအိမ်တွေကို နေရာအနှံ့လိုက်ရှို့ကြတာ။ မီးလောက်ပျက်စီးတာ အိမ် ၁၀၀ ကျော်တယ်။ အခုထိ မီးလောင်ပြင်ကို ရှင်းလင်းနေကြရတုန်းပဲ။ မီးလောင်ပြီးဆုံးတဲ့သူက အခုရထားတဲ့ စာရင်းအရတော့ အသက် ၅၀ ကျော် ၆ ယောက်ရှိနေပြီ။ ဒါပေမဲ့ အဲ့ဒိထက်မကသေးဘူး။ မီးလောင်သွားတဲ့အိမ်တွေကတော့ ဘာမှမရလိုက်ကြပါဘူးဗျာ။ စစ်တပ်က ပြည်သူတွေအပေါ်မှာ အတော့်ကို ဆိုးရွားယုတ်မာလွန်းပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက လက်ဝဲမြင်းနီကျေးရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် အသက် ၉၀ နီးပါး အဘွားအို ၂ ဦးနဲ့ လေဖြတ်ဝေဒနာရှင် အသက် ၅၀ ကနေ ၈၀ ကြား အမျိုးသား ၄ ဦးတို့ဟာ နေအိမ်တွေအတွင်းပိတ်မိပြီး မီးလောင်သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

မီးဘေးသင့်ပြည်သူတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့၀င်တဦးက  “ဒီရွာမှာက အိမ်ခြေ ၅၀၀ ကျော်လောက်ရှိပြီး မီးလောင်သွားတဲ့အိမ်တွေက ရွာအလယ်ပိုင်းကများတယ်။ ကနဦးစာရင်းအရတော့ ၁၀၀ ကျော်ပဲ။ တချို့ရွာခံတွေဆိုရင် ထွက်ပြေးသွားကြတာ အခုထိရွာထဲပြန်မ၀င်လာကြသေးတော့ စာရင်းတွေက အတိအကျပြုစုလို့ မရသေးဘူးဖြစ်နေတယ်ဗျ။ မိုးဦးကာလဖြစ်ပြီဆိုတော့ နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အကူအညီတွေ အများကြီးလိုအပ်နေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း လက်ဝဲမြင်းနီကျေးရွာကို စစ်ကောင်စီတပ်သားတွေ ၀င်ရောက်ပစ်ခတ်မီးရှို့ခဲ့တာကြောင့် ရွာသားတဦး ကျည်ရှပ်မှန်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားခဲ့သေးတယ်လို့ ဆိုပါတယ်။

နွားထိုးကြီးမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ မြို့နယ်တခုဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အဆိုပါမြို့နယ်အတွင်းကျေးရွာတွေက နေအိမ်တွေကို ၀င်ရောက်ပြီး ပစ္စည်းလုယက်တာတွေ၊ ရွာတွေကို မီးရှို့ဖျက်စီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေကို မကြာခဏ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013