DVB Logo
Home
နိုင်ငံတကာ
ဩစတြေးလျတွင် ရုရှားနွယ်ဖွား စုံတွဲကို သူလျှိုလုပ်မှုဖြင့် စွဲချက်တင်
DVB
·
July 12, 2024
ဩစတြေးလျတွင် ရုရှားနွယ်ဖွား စုံတွဲကို သူလျှိုလုပ်မှုဖြင့် စွဲချက်တင်
Donate to DVB

ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) ဟာ ရုရှားနွယ်ဖွား အိမ်ထောင်ရှင် စုံတွဲတတွဲကို သူလျှိုလုပ်မှုစွဲချက်နဲ့ ဖမ်းဆီးခဲ့ကြောင်း ဇူလိုင် ၁၂ ရက်မှာ ပြောကြားလိုက်ပါတယ်။  သြစတြေးလျစစ်တပ်က သတင်းအချက်အလက် နည်းပညာပညာရှင်တဦးဖြစ်တဲ့ အမျိုးသမီးဟာ ကာကွယ်ရေးပစ္စည်းကို ရယူပြီး ရုရှားတာဝန်ရှိသူတွေဆီ ပေးပို့ခဲ့ကြောင်း စွပ်စွဲခံရပါတယ်။

အသက် ၄၀ အရွယ် အမျိုးသမီးဟာ ဩစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့မှာ သတင်းအချက်အလက်စနစ် နည်းပညာပညာရှင်အဖြစ် နှစ်အတော်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ ကော်မရှင်နာ ရီဆီကာရှောက ပြောပါတယ်။

သူတို့စုံတွဲဟာ သြစတြေးလျနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ဩစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပစ္စည်းတွေကို ရယူဖို့ အတူတကွ လုပ်ဆောင်ခဲ့တယ်လို့ ပြောမှာဖြစ်ကြောင်းလည်း ရီဆီကာရှောက ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ သြစတြေးလျ ကာကွယ်ရေးတပ်ကနေ ခွင့်ရက်ရှည်ယူပြီး အကြောင်းမကြားဘဲ ရုရှားနိုင်ငံကို သွားရောက်ခဲ့ကြောင်းလည်း ဆိုပါတယ်။

သူဟာ ရုရှားမှာ ရောက်နေချိန် သြစတြေးလျမှာကျန်နေတဲ့ သူ့ခင်ပွန်းကို သူတို့ရဲ့ ဘရစ္စဘိန်းနေအိမ်ကနေ သူ့အလုပ်မှာ သုံးစွဲတဲ့ သူ့ရဲ့ တရားဝင်အကောင့်ကို လော့ဂ်အင်ဝင်ပြီး ဩစတြေးလျနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ရယူဖို့  ညွှန်ကြားခဲ့ကြောင်းနဲ့ သူ့ခင်ပွန်းကလည်း တောင်းဆိုထားတဲ့အတိုင်း လုပ်ဆောင်ပေးပြီး ရုရှားရှိ သူ့ဇနီးဆီကို ပေးပို့မယ်လို့ ယူဆရကြောင်းလည်း ပြောပါတယ်။

သူတို့ဟာ ရုရှားအာဏာပိုင်တွေဆီ ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းအချက်အလက်တွေကို ရှာဖွေခဲ့ပြီးတော့ အဲဒီအချက်အလက်တွေကို လွှဲပြောင်းပေးအပ်ခြင်း ရှိ၊ မရှိ ဆိုတာကို အာရုံစိုက် ဖော်ထုတ်သွားမှာဖြစ်ကြောင်းနဲ့ လောလောဆယ်တော့ သိသာထင်ရှားတဲ့ အပေးအယူ လုပ်မှုကိုတော့ မဖော်ထုတ်ရသေးဘူးလို့ ဖက်ဒရယ်ရဲတပ်ဖွဲ့ ကော်မရှင်နာ ရီဆီကာရှောက ပြောပါတယ်။

သူတို့ကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ သူလျှိုလုပ်မှုပြစ်မှုနဲ့ စွဲချက်တင်ထားပြီး သောကြာနေ့ ဘရစ္စဘိန်းတရားရုံးမှာ ရုံးထုတ်မှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

သူတို့စုံတွဲဟာ သြစတြေးလျမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့ပြီး အဲဒီအမျိုးသမီးက ၂၀၁၆ ခုနှစ်မှာ သြစတြေးလျနိုင်ငံသားဖြစ်ခွင့် ရရှိခဲ့ကာ သူ့ခင်ပွန်းက ၂၀၂၀ ခုနှစ်မှာ နိုင်ငံသားဖြစ်ခွင့် ရခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013