DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက်အလုပ်သမား၏ ကိုယ်ရေးအချက်အလက် မပေးပို့သည့် အေဂျင်စီများကို စစ်ကောင်စီ သတိပေး
DVB
·
July 11, 2024
ပြည်ပရောက်အလုပ်သမား၏ ကိုယ်ရေးအချက်အလက် မပေးပို့သည့် အေဂျင်စီများကို စစ်ကောင်စီ သတိပေး
Donate to DVB

ပြည်ပကို စေလွှတ်ထားတဲ့ မြန်မာအလုပ်သမားရဲ့ ကိုယ်ရေးအချက်အလက်ကို ပေးပို့ဖို့ ပျက်ကွက်နေတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၀၀ နီးပါးရှိပြီး အခုလို ပျက်ကွက်တဲ့ အေဂျင်စီတွေကို လိုင်စင်ယာယီပိတ်သိမ်း အရေးယူမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက သတိပေးထားပါတယ်။

အေဂျင်စီတွေကို စေလွှတ်ခဲ့တဲ့ အလုပ်သမား ကိုယ်ရေးအချက်အလက် ပေးပို့ဖို့ စစ်ကောင်စီက ညွှန်ကြားထားတာဖြစ်ပြီး ၂၀၂၃ ဧပြီလကနေ ဒီဇင်ဘာလအထိ ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၃၈၈ ခုရှိတယ်ဆိုပြီး နာမည်စာရင်းနဲ့တကွ ဒီနေ့ ကြေညာထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပရောက် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို ဇွန်လကစပြီး အေဂျင်စီတွေဆီက တောင်း​ယူနေတာဖြစ်ပြီး အထူးသဖြင့် အလုပ်သမားက မိသားစုဆီ တရားဝင်ငွေလွှဲမလွှဲ သိရှိဖို့နဲ့ တရားဝင်ငွေပေးပို့​ဖို့ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “လွှတ်လိုက်ပြီးတဲ့ အလုပ်သမားကို ပြန်ဆက်သွယ်ဖို့ဆိုတာ မလွယ်ဘူး။ အေဂျင်စီကနေ ကြားထဲက ဖိအားပေးလို့လည်း ရတာမဟုတ်ဘူး။ အခုက အလုပ်သမားတွေ ငွေလွှဲဖို့ကိစ္စ အေဂျင်စီတွေကို ကြပ်မတ်ခိုင်းနေတော့ ဘေးကျပ်နံကျပ်တွေ ဖြစ်နေကြတာ” လို့ ပြောပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၅၇၀ နီးပါးရှိတဲ့အနက် စာရင်းပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၄၀၀ လောက်ရှိတာကြောင့် စုစုပေါင်းအေဂျင်စီရဲ့ သုံးပုံနှစ်ပုံဟာ  စာရင်းပေးဖို့ အခက်တွေ့နေရတာလည်း ဖြစ်ပါတယ်။

ပြည်ပကိုစေလွှတ်ထားတဲ့ အလုပ်သမားစာရင်းတွေကို မှတ်တမ်းတင်ထားပြီး မိသားစုလွှဲပို့ငွေကို ပြန်ပို့တာရှိမရှိ စိစစ်နေပြီဖြစ်လို့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေကို စေလွှတ်ရုံတင်မကဘဲ မိသားစုဆီ ငွေလွှဲပို့အောင် ကြပ်မတ်ဆောင်ရွက်ဖို့ကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးက ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီအနေနဲ့ ပြည်ပရောက် အလုပ်သမားတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ လွှဲပို့ဖို့နဲ့ လစာရဲ့ ၂ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ဖို့ ဖိအားပေး စေခိုင်းတာတွေ တောက်လျှောက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တချို့အေဂျင်စီတွေက စစ်ကောင်စီရဲ့ စေခိုင်းချက်အတိုင်း ပြည်ပစေလွှတ်ထားတဲ့ အလုပ်သမားတွေကို ဆက်သွယ်ပြီး ငွေလွှဲပို့ဖို့ ဆွဲဆောင်ပြောဆိုနေတယ်လို့ မြန်မာလုပ်သား တချို့က ဆိုပါတယ်။

မလေးရှားရောက် မြန်မာလုပ်သားတဦးက “ကျနော်တို့ကို လွှတ်လိုက်တဲ့ အေဂျင်စီက လှမ်းဆက်သွယ်တာ။ မိသားစုဆီ ငွေတရားဝင်လွှဲလားပေါ့။ လွှဲထားတဲ့အချက်အလက်ရှိရင် ပေးဖို့ပြောတယ်။ လောလောဆယ် ဒီမှာ အဆင်မပြေသေးလို့ မလွှဲသေးဘူးလို့ပဲ ပြန်ပြောထားတယ်” လို့ ပြောပါတယ်။

ဒီနှစ်ပိုင်းအတွင်း ပြည်ပကိုထွက်ခွာတဲ့ အလုပ်သမားတွေအနေနဲ့ မိသားစုဆီ သတ်မှတ်နှုန်းအတိုင်း ငွေလွှဲပို့မယ်ဆိုတဲ့ ခံဝန်လက်မှတ်ရေးထိုးကြရပြီး ပျက်ကွက်ရင် နောက်တကြိမ် ပြည်ပထွက်ခွာခွင့် ပိတ်ခံရမယ်လို့ သတိပေးခံထားရတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013