DVB Logo
Home
မြန်မာသတင်း
မွန်-ကရင်နယ်စပ် ရွာများတွင် စစ်တပ်က ဒေသခံများကို ခြိမ်းခြောက်ပြီး အဓမ္မခိုင်းစေ
DVB
·
July 10, 2024
မွန်-ကရင်နယ်စပ် ရွာများတွင် စစ်တပ်က ဒေသခံများကို ခြိမ်းခြောက်ပြီး အဓမ္မခိုင်းစေ
Donate to DVB

မွန်-ကရင်နယ်စပ်က ရွာတွေမှာ စစ်ကောင်စီတပ်တွေကို အင်အားဖြည့်တင်းပြီး နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်တာတွေနဲ့ ဒေသခံတွေကို ခြိမ်းခြောက် အနိုင်ကျင့်တာတွေ လုပ်ဆောင်နေတယ်လို့  ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။ ဇူလိုင် ၂ ရက်က စတင်ပြီး စစ်ကောင်စီက မြေပြင်၊ ရေပြင်ကနေ အင်အားဖြည့်တင်းပြီး နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲချတာတွေ လုပ်ဆောင်နေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အပြင် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်တာကြောင့် လမ်းသွားနေတဲ့ ဒေသခံတယောက် ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တွေပါ ပျက်စီးခဲ့ပါတယ်။

မြေပြင်ရှေ့တန်းသတင်းရင်းမြစ်တဦးက “စစ်ကောင်စီက ကျိုက်မရောမြို့နယ်ဘက် စပယ်ဂူတံတားဘက်မှာလည်း အင်အားတိုးချဲ့ချထားတယ်။ သံဂလောင်ကစပြီး ဓမ္မသ၊ ကော့ဘိန်း၊ ကမ်းနီးအထိကို စစ်အင်အားတိုးချဲ့ချထားတာ ရှိတယ်။ ရေတပ်အင်အားကိုပါ တိုးချဲ့ချထားတာကို တွေ့မြင်နေရတယ်။ ဒီမှာ နေ့စဉ်နဲ့အမျှ ဒရုန်းနဲ့ကြဲတယ်။ အဝေးကနေ အမြောက်နဲ့ထုတာ၊ ဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိချတာကို ခံရတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဧပြီ ၂၅ ရက်မှာ ကော့ဘိန်းရဲစခန်းကို ပြန်လည်သိမ်းယူခဲ့ပြီး စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ဖိအားပေး ခေါ်ယူနေပေမဲ့ ကျေးရွာတွေအတွင်းကနေ ပြန်လည်ထွက်ခွာမသွားဘဲ အမျိုးသမီးတွေကို အတင်းအဓမ္မခိုင်းစေတာတွေအပြင် ဘက်ပေါင်းစုံကနေ ခြိမ်းခြောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနမှူး မိဆုတဂျိုက ပြောပါတယ်။

“အထူးသဖြင့် အမျိုးသမီးတွေကို ခေါ်ယူပြီး ထမင်းချက်ဖို့ အဓမ္မခိုင်းစေတာ ရှိတယ်။ နောက်ပြီး မသင်္ကာမှုနဲ့ ဘာမှမစစ်ဆေးဘဲနဲ့ ပစ်သတ်တာတွေ ရှိတယ်။ ဖမ်းသွားပြီးမှ ဘာမှအကြောင်းမပြန်ဘဲနဲ့ ပျောက်သွားတာတွေ ရှိတယ်။ ဂိတ်တွေမှာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေကို သူတို့ကြိုက်သလို ထုခွဲရောင်းချပြီး သိမ်းယူနေတာတွေ ရှိတယ်။ အိမ်ကိုဖွင့်ခိုင်းပြီး သိမ်းပိုက်တာတွေရှိတယ်။ အစွန်းဆုံးပြောရရင် ရွှေရှာစက်ပါ ယူလာပြီးမှ ဘယ်နားမှာ ရွှေဖွက်ထားသလဲဆိုပြီး လိုက်လံပြီး သွေးစုပ် အမြတ်ထုတ်မှုတွေ လုပ်နေတယ်။”

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ မင်းရွာ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စတဲ့ကျေးရွာက အိမ်ခြေ ၂၀,၀၀၀ ကျော်၊ ဒေသခံ ၁ သိန်းလောက်ဟာ ဆွေမျိုးတွေနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။

ကောဘိန်းကျေးရွာမှာ စစ်ကောင်စီနဲ့ NCA လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီရဲ့ အကူအညီနဲ့ နေအိမ်ပျက်စီးတာ၊ ဖောက်ထွင်းခိုးယူခံရမှာကို စိုးရိမ်ပြီး လူကြီးပိုင်းတွေလောက်သာ ပြန်လည်ဝင်ရောက်နေထိုင်သူ ရှိပြီး ကျန်တဲ့ ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်တွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးက “စစ်ရှောင်တွေကတော့ ကောဘိန်းဂွင်မှာတော့ ၈၀ ရာခိုင်နှုန်းလောက်တော့ ကျောင်းကိစ္စတွေနဲ့ ပြန်ရောက်လာတယ်။ ဒီ ဓမ္မသမှာ မီး‌လောင်ထားတာဆိုတော့ လုံးလုံးကို ပြန်ရောက်ဖို့က မလွယ်သေးဘူး။ ဓမ္မသ၊ တရနာ၊ ကျွန်းကုန်း၊ ကော့သပ်၊ ကော့စွယ်မှာ စစ်ကောင်စီတပ်တွေ ရှိနေတယ်။ ကော့ဘိန်းမှာလည်း ရှိသေးတယ်။ လက်ရှိ သွားလာဖို့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ သွားလာလွယ်ကူအောင် ဝိုင်းပြီးတော့ နေပေးတယ်။ သူတို့မရှိဘူးဆိုရင် ရွာသားက ပြန်ဖို့တော့ လုံးဝအခြေအနေမရှိဘူး” လို့ ပြောပါတယ်။

ဇူလိုင် ၄  ရက် မွန်းလွဲပိုင်းက ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာ လမ်းဆုံကို စစ်ကောင်စီတပ်ဘက်က ဒရုန်းဗုံး အလုံး ၃၀ ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် ဂျိုင်းမြစ်တွင်း ရပ်နားထားတဲ့ ရေတပ် စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃ လုံးနဲ့ စားသောက်ဆိုင်တဆိုင် ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၀ ရက်အထိ စစ်ကောင်စီက သံချပ်ကာယာဉ်တွေနဲ့ ခရုံဂူလမ်းဝကနေ ရမ္မာဝတီ ကားလမ်းတလျှောက် အင်အားဖြည့်တင်းပြီး ထိန်းချုပ်ထားပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013