DVB Logo
Home
မြန်မာသတင်း
ဗီယက်နမ်၊ တရုတ်နှင့် ယူအေအီးက မြန်မာစစ်တပ်အတွက်  လေယာဉ်ဆီ ပံ့ပိုးပေးနေ
DVB
·
July 10, 2024
ဗီယက်နမ်၊ တရုတ်နှင့် ယူအေအီးက မြန်မာစစ်တပ်အတွက်  လေယာဉ်ဆီ ပံ့ပိုးပေးနေ
Donate to DVB

ဗီယက်နမ်၊ တရုတ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံတွေက   မြန်မာစစ်တပ် အတွက် လေယာဉ်ဆီပံ့ပိုးပေးနေပြီး  တရုတ်ပိုင် ရေနံတင်သင်္ဘောက ၆ လအတွင်း ၃ ကြိမ် မြန်မာဆိပ်ကမ်းကိုကပ်ခဲ့တယ်လို့  နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဥပဒေမဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက် လိုအပ်တဲ့ရင်းမြစ်တွေကို နိုင်ငံတကာက ပိတ်ပင်ပေးဖို့ တောင်းဆိုနေချိန်မှာပဲ မြန်မာကို လေယာဉ်ဆီတင်ပို့တာတွေက ဆက်ရှိနေတယ်လို့ ယူကေအခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဇူလိုင် ၈ ရက်က ထုတ်ပြန်လိုက်တာပါ။

အခုနှစ် ဇန်နဝါရီကနေ ဇွန်လအတွင်း မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ဆောင်လာတဲ့ သင်္ဘော အနည်းဆုံး ၂ ကြိမ်ကနေ ၃ ကြိမ်အထိ ဝင်ရောက်ခဲ့ပြီး စင်ကာပူအခြေစိုက် Sahara Energy International ကုမ္ပဏီနဲ့ တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ CNOOC Trading (Singapore) ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

အဓိကအားဖြင့် မြန်မာကို လေယာဉ်ဆီတင်ပို့ရာမှာ တရုတ်ပိုင် HUITONG78 ရေနံတင်သင်္ဘောကို အသုံးပြုပြီး ဒီ ၆ လအတွင်းမှာ ဗီယက်နမ်မှ မြန်မာသို့ ၂ ကြိမ်နဲ့ UAE မှ မြန်မာသို့ ၁ ကြိမ် လေယာဉ်ဆီတွေ ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သင်္ဘောလမ်းကြောင်းကို ခြေရာခံထားတဲ့ အချက်အလက်တွေအရ အဆိုပါ HUITONG78 သင်္ဘောဟာ ယူအေအီးနိုင်ငံ၊ ဟမ်ရီယာ့ ဆိပ်ကမ်းကနေ ရန်ကုန်ဆိပ်ကမ်းကို မေ ၁၂ ရက်မှာ ရောက်လာခဲ့ပြီး သီလဝါဆိပ်ကမ်းကို ဝင်တဲ့အခါမှာ ရေဒါအချက်ပြစနစ်ကို ပိတ်ခဲ့တယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။

အဆိုပါ ရေနံတင်သင်္ဘောလို့ ယူဆရတဲ့ သင်္ဘောဟာ သီလဝါကယခင် Puma Energy ရဲ့ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတာကို တွေ့ရတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။

HUITONG78 သင်္ဘောကတော့ West of England P&I Club ရဲ့ ပင်လယ်ရေကြောင်းအာမခံ အကာအကွယ်ကို ရယူထားပြီး သင်္ဘောကိုပိုင်ဆိုင်တာကတော့ တရုတ်နိုင်ငံပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ China Aerospace Science and Industry Corp (CASIC) က ဖြစ်တယ်လို့ P&I Club ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဇွန် ၂၆ ရက်နေ့ အစီရင်ခံစာမှာလည်း စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းနေတဲ့ လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူတဲ့အပြင် လေယာဉ်ဆီပို့ဆောင်ပေးနေတဲ့ယာဉ်တွေကို အရေးယူဖို့နဲ့ ပင်လယ်ရေကြောင်းအာမခံ ထုတ်ပေးနေတာတွေကို တားမြစ်ပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013