DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် မီးသွေးဈေး အဆမတန်မြင့်တက်နေသဖြင့် ပြည်သူများအခက်ကြုံ
DVB
·
July 10, 2024
ကလေးမြို့တွင် မီးသွေးဈေး အဆမတန်မြင့်တက်နေသဖြင့် ပြည်သူများအခက်ကြုံ
Donate to DVB

ထမင်း၊ ဟင်း ချက်ပြုတ်ရာမှာ လျှပ်စစ်မီးအစား ထင်း၊ မီးသွေးကို အစားထိုး အသုံးပြုနေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မီးသွေးအိတ်ဈေးတွေ အဆမတန် မြင့်တက်နေတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့မှာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်‌တောက်နေတာနဲ့ နာရီပိုင်းနဲ့သာ ရရှိနေတာကြောင့် မြို့ခံတွေဟာ ထမင်း၊ ဟင်း ချက်ပြုတ်ရာမှာ မီးသွေးကိုသာ အသုံးပြုနေကြရတာပါ။

လက်ရှိမှာ မီးသွေးအမျိုးအစား‌ပေါ် မူတည်ပြီး မီးသွေးတအိတ်ကို ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ကလေးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“မီးသွေးဈေးတွေက ကျို့သားဆို ၁၈,၀၀၀ ပေးရတယ်။ ရိုးရိုးပျဉ်သားနဲ့ အရောသားဆို ၁၅,၀၀၀ ရှိတယ်။ ဈေးကတော့ တဆိုင်နဲ့တဆိုင် မတူဘူး။ ဒါပေမဲ့ အများစုက တန်းတူလောက်ရှိတယ် မောင်လေး။ အသုံးများတာက ကျို့သားပဲ သုံးကြတာ။ ကျို့သားက မီးမဖြတ် (မီးပွားမစင်) ဘူး။ မီးတောက်အားကောင်းတယ်။ မီးမလာတာကလည်း ၁၀ ရက်ကျော်ပြီ။ ချက်ပြုတ်တာတော့ မီးသွေးပဲသုံးကြတာ။”

ကလေးမြို့မှာ အသုံးပြုတဲ့ မီးသွေးအများစုဟာ ကလေးဝဘက်က ဝင်တာဖြစ်ပြီး ကလေးဝဘက်မှာ မီးသွေးတအိတ်ကို ၁၂,၀၀၀ ဝန်းကျင်ရှိပေမဲ့ လမ်းမှာ သယ်သူစရိတ်များလို့ ကလေးမြို့မှာ ဈေးမြင့်တာဖြစ်နိုင်တယ်လို့ ကလေးဝမြို့နယ်က မီးသွေးရောင်းဝယ်ရေး လုပ်ကိုင်တဲ့ အမျိုးသားတဦးက ပြောပါတယ်။

“ဒီဘက် ကျနော်တို့ပို့တာတော့ ရိုးရိုးအရောဆို ၇,၀၀၀၊ ကျို့သားဆို ၁၂,၀၀၀ လောက်နဲ့ ပို့နေတာပဲ။ လမ်းသယ်ယူစရိတ်က များလို့ ဈေးကြီးသွားတာ ဖြစ်မယ်။”

လျှပ်စစ်မီးဟာ ဇွန် ၂၉ ရက်က စတင်ပြတ်တောက်နေတာဖြစ်ပြီး ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ပြတ်တောက်နေတာကြောင့် ပြုပြင်တဲ့လုပ်ငန်းတွေ စတင်နေပြီလို့ ကလေးမြို့ လျှပ်စစ်ရုံး တာဝန်ရှိသူက သူ့ရဲ့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

ဓာတ်အားလိုင်း ပြတ်တောက်နေတာကြောင့် ယောဒေသ အပါအဝင် ချင်းတောင်နဲ့ စစ်ကိုင်းတိုင်းက ကလေးမြို့၊ ကလေးဝ၊ ရာဇဂြိုဟ်၊ ခါမ်းပါတ်မြို့‌‌တွေမှာ လျှပ်စစ်မီး ပြတ်တောက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013