DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်ရွေးကောက်ပွဲ ဒုတိယအကျော့ကျင်းပ
DVB
·
July 8, 2024
ပြင်သစ်ရွေးကောက်ပွဲ ဒုတိယအကျော့ကျင်းပ
Donate to DVB

ဇူလိုင် ၇ ရက်မှာ ပြင်သစ်ပါလီမန်ရွေးကောက်ပွဲ ဒုတိယအကျော့ကို ကျင်းပနေပါတယ်။ လက်ယာစွန်းဝါဒီတွေအတွက် ပထမဆုံး သမိုင်းဝင်အောင်ပွဲရဖို့ မျှော်လင့်ထားပေမဲ့ ဘယ်ဘက်ကမှ မတိုးသာမဆုတ်သာ အပ်ကွက်မိမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

ရွှေ့ပြောင်းအခြေချမှု မလိုလားတဲ့ လက်ယာစွန်းဝါဒီ RN ပါတီဟာ ပထမဆုံးအကြိမ် အစိုးရကို ဦးဆောင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။

ဖခင်ဖြစ်သူ ယန်းမာရီလာပန်း၊ သမီးဖြစ်သူ မာရင်လာပန်းတို့ လက်ထက်ကနေ အခုလက်ရှိ လူငယ်ခေါင်းဆောင် ဂျော်ဒန်ဘာဒယ်လာ လက်ထက်အထိ စည်းအပြင်က အဖွဲ့အစည်း ဖြစ်ခဲ့ရတဲ့ RN ပါတီဟာ အခုရွေးကောက်ပွဲ ပထမအကျော့မှာ မဲအများဆုံးရခဲ့ပါတယ်။

သူများနိုင်ငံတွေက နှစ်ကျော့ပြိုင်ရတဲ့စနစ်မှာ မဲဆန္ဒနယ်တခုမှာ ဘယ်သူမှ မဲထက်ဝက်ကျော် မရရင် မဲအများဆုံးနှစ်ယောက် ဒုတိယအကျော့ ပြိုင်ရပါတယ်။

ဒါပေမဲ့ ပြင်သစ်ရွေးကောက်ပွဲစနစ်မှာကျတော့ မဲအများဆုံးရသူ ၂ ဦးအပြင် မဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထက် ရသူတွေပါ  နောက်တကျော့ ပြိုင်ခွင့်ရှိပါတယ်။

ဒါကြောင့် သုံးယောက်ပြိုင်ရတာမျိုး ပိုများလေ့ရှိပါတယ်။ အဲဒီလိုပြိုင်ရရင် ထက်ဝက်ကျော်စရာ မလိုတော့ဘဲ မဲအများဆုံးရသူက အနိုင်ဖြစ်ပါတယ်။

အခုအခါမှာတော့ သုံးယောက်ပြိုင်ရမယ့် မဲဆန္ဒနယ်တွေမှာ တတိယမဲအများဆုံး ရခဲ့သူတွေက နုတ်ထွက်ပေးပြီး RN ပါတီ ကိုယ်စားလှယ်နဲ့ ပြိုင်ဖို့ ကျန်တဲ့တယောက်ကိုပဲ ဝန်းရံပေးတဲ့ပုံစံနဲ့ ရင်ဆိုင်ကြတာဖြစ်ပါတယ်။

ဒုတိယအကျော့ ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်တွေထဲက ၂၁၇ ယောက်တောင် နုတ်ထွက်ပေးထားပါတယ်။

လက်ယာစွန်း RN ပါတီ အစိုးရဖွဲ့နိုင်တဲ့ အမတ်အရေအတွက် မရရေး ကြိုးပမ်းတဲ့အထဲမှာ လက်ဝဲစွန်းတွေ၊ ကွန်မြူနစ်တွေ၊ ဂရင်းပါတီဝင်တွေကနေ သမ္မတ မက်ခရွန်ရဲ့ ဗဟိုဝါဒီတွေနဲ့ ကွန်ဆာဗေးတစ်တွေအထိ ပါဝင်ပါတယ်။

ဒါကြောင့် RN ပါတီ အမတ်အများဆုံးရရင်တောင် ဘယ်ပါတီမှ တပါတီတည်း လွှတ်တော်ကို မလွှမ်းနိုင်တော့ဘဲ မတိုးသာမဆုတ်သာ အပ်ကွက်မိတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013