DVB Logo
Home
မြန်မာသတင်း
မုံရွာတက္ကသိုလ်တွင် အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြ
DVB
·
September 25, 2014
မုံရွာတက္ကသိုလ်တွင် အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်က ကျောင်းသူနဲ့ ကျောင်းသားတွေဟာ  အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ကြောင်းလှုပ်ရှားမှုတွေ စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေ အခန်း ၄ အောက်က အခန်း ၅ ပုဒ်မ ၂၇ ဟာ  ပညာရေးစနစ်ကို ဗဟိုချုပ်ကိုင်မှု ပြုထားတဲ့အတွက် အဲဒီဥပဒေကို ကန့်ကွက်ကြောင်း ထုတ်ပြန်တယ်လို့  မုံရွာတက္ကသိုလ်ကျောင်း သားသမဂ္ဂကွန်ရက်က တာဝန်ခံ ကိုဆန်းဝေဖြိုး ဒီဗွီဘီကို ပြောပါတယ်။

MoneYwar“အမျိုးသား ပညာရေးကော်မရှင်ရယ် အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေး ကော်မတီရယ် အဲဒါ ကျနော်တို့ ပညာရေးလွတ်လပ်ခွင့်အတွက် တဖက်သတ် ဗဟိုကနေ ချုပ်ကိုင်ထားနိုင်တဲ့ အဲဒီ ကော်မရှင်နဲ့ ကော်မတီကို ဖျက်သိမ်းပေးဖို့ အဲဒါတောင်းဆိုတယ်။ ဒီမိုကရေစီစနစ်မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေရယ်ကို တက္ကသိုလ်ကျောင်းဝင်းထဲမှာ အသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းဖို့၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ အဲဒီလို အစရှိတဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် ပါရှိဖို့ အဲဒီဖွဲ့စည်းခွင့်ကို အာမခံပေးတဲ့ ပုဒ်မတွေ ပါရှိဖို့ပါ။”

ဒါ့အပြင် ဒီမိုကရေစီစနစ်မှာ တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာနဲ့ ဆရာမတွေအနေနဲ့ ဆရာများသမဂ္ဂနဲ့ ကျောင်းသားများသမဂ္ဂ စတဲ့ အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိဖို့  အဲဒီဖွဲ့စည်းခွင့်ကို  အာမခံပေးတဲ့ ပုဒ်မတွေ ဥပဒေထဲမှာ ပါရှိဖို့ လည်း တောင်းဆိုတယ်လို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်တဲ့အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီးတော့ တိုင်းရင်းသားဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ မြန်မာဘာသာ ၃ မျိုးသင် ပညာရေးစနစ်ကို ဥပဒေမှာ ထည့်သွင်းပေးဖို့လည်း ကျောင်းသားတွေက တောင်းဆိုထားပါတယ်။

ဥပဒေပုဒ်မ အခန်း ၄ မှာ ဆရာဆရာမတွေအနေနဲ့ ကိုယ်ကျင့်သိက္ခာကောင်းမွန်မှသာ ဗဟိုချုပ်ကိုင်မှု လျော့ချမယ်ဆိုတဲ့ အချက်ဟာလည်း ဆရာဆရာမနဲ့ ပညာရေးဝန်ထမ်းတွေကို စော်ကားထားတဲ့အတွက် အဲဒီအချက်ကိုလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုထားပါတယ်။

တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ဒီတောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက ရန်ကုန်တက္ကသိုလ်မှာ ဆန္ဒထုတ်ဖော်ခြင်း၊ ပညာရေးဆွေးနွေးပွဲတွေမှာ တင်ပြခြင်း၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီဆီပါ တင်ပြခြင်းတွေ ပြုလုပ်ခဲ့ပေမယ့် သက်ဆိုင်ရာက လစ်လျူရှုထားတဲ့အတွက် ကျောင်းသားထုတွေကြား ပိုမို နားလည် သဘောပေါက်စေဖို့ ဆက်လက်စည်းရုံးလှုံ့ဆော်နေတာလို့ ကိုဆန်းဝေဖြိုးက ပြောပါတယ်။

ဒီလှုပ်ရှားမှုကို အခြားသော ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးက တက္ကသိုလ်ကျောင်းသား အဖွဲ့တွေနဲ့လည်း ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြော ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ လှုပ်ရှားမှုမှာ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂကွန်ရက် အဖွဲ့ဝင် ၅၀ ကျော်ကနေပြီး တက္ကသိုလ်ပညာသင်နှစ် ဒုတိယနှစ်ဝက်စာမေးပွဲ လာရောက် ဖြေဆိုသူ ကျောင်းသူနဲ့ ကျောင်းသားတွေကြား ထုတ်ပြန်ကြေညာချက် ဝေငှခြင်း၊ ကျောင်းသားတို့ နားလည်သဘောပေါက်အောင် ရှင်းလင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013