DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီကို နာမည်အသစ်ဖြင့် အစားထိုးမည်မဟုတ် 
DVB
·
July 5, 2024
ရခိုင်အမျိုးသားပါတီကို နာမည်အသစ်ဖြင့် အစားထိုးမည်မဟုတ် 
Donate to DVB

စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ခွင့်ပယ်ဖျက်ခံလိုက်ရတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရွေးကောက်ပွဲဝင်ဖို့အတွက် တခြားပါတီအမည်ပြောင်းပြီး ပါတီအသစ်တခုအနေနဲ့ မှတ်ပုံပြန်တင်ဖို့  စဉ်းစားမှာမဟုတ်ဘူးလို့  ပြောပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီဘက်က ဆက်သွယ်ရေးလိုင်းတွေပိတ်ထားတာကြောင့် စစ်ပွဲတွေကြား ပိတ်မိနေကြတဲ့ ANP ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ပါတီမှတ်ပုံတင်ပယ်ဖျက်ခံလိုက်တဲ့အပေါ် မျက်နှာစုံညီအစည်းအဝေး မကျင်းပနိုင်သေးပေမဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီအသစ်တခုအနေနဲ့ အမည်ပြောင်းပြီး မှတ်ပုံပြန်တင်မှာမဟုတ်ဘူးလို့  အဲဒီပါတီရဲ့ နိုင်ငံရေးမူဝါဒဦးဆောင်ကော်မတီဝင်က ပြောပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီး ရွေးကောက်ပွဲဥပဒေအသစ်တခုနဲ့ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ခဲ့ချိန်မှာ ရခိုင်တမျိုးသားလုံးအတွက် တရားဝင်ပြောဆိုခွင့်ရှိဖို့နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တဲ့စိတ်ကြောင့် လူထုကန့်ကွက်မှုကြားက ပါတီမှတ်ပုံပြန်တင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်အရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တဲ့ ဆန္ဒမရှိတဲ့အတွက် ရခိုင်အမျိုးသားပါတီရဲ့ ပါတီမှတ်ပုံတင်ခွင့်ကို ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီ နိုင်ငံရေးမူဝါဒဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က “ပုဒ်မ ၇ နဲ့ ပယ်ဖျက်လိုက်တာဟာ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရခိုင်လူထုအကျိုးစီးပွားအတွက် ရခိုင်ပြည်သူတွေရဲ့ အရေးကိစ္စတွေအတွက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းစရာလမ်း အားလုံးပိတ်သွားပြီလို့ အဲလိုယူဆပါတယ်။ ပါတီမှတ်ပုံတင်မယ့် တနည်းနည်းနဲ့ လျှောက်ထားမယ်ဆိုတာကတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ပြောနိုင်ပါတယ်”လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်ကိုယ်စားပြုနိုင်ငံရေးပါတီအနေနဲ့ ပါတီမှတ်ပုံတင် ခွင့်ပြုတဲ့ အချိန်ကတည်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီမှတ်ပုံ ပြန်တင်ခဲ့တာပါ။

ပါတီမှတ်ပုံတင်ခဲ့တဲ့ကာလ တနှစ်ကျော်အတွင်းမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေ မေးမြန်းမှုတွေကို ပါတီမှတ်ပုံပြန်တင်ခဲ့တဲ့ ဦးဆောင်သူအားလုံးက ဥပဒေနဲ့အညီ ဖြေဆိုခဲ့ပေမဲ့ တစုံတရာအကြောင်းကြား ဖြေရှင်းခွင့်မပေးဘဲ နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်လိုက်တာလို့  ဦးထွန်းအောင်ကျော်က ပြောပါတယ်။

စစ်ကောင်စီဘက်က ဆုံးဖြတ်ခဲ့တဲ့  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်တွေထဲမှာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့သူတွေ အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့သူတွေလို့ စစ်ကောင်စီဘက်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဆက်သွယ်တာတွေအပြင် ဘာသာရေးကို နိုင်ငံရေးအရ အသုံးချတဲ့ အဖွဲ့အစည်းအဖြစ်ခဲ့မယ်ဆိုရင် ပါတီမှတ်ပုံတင်လျှောက်ထားခွင့်မရှိဘူးလို့ စစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြထားပါတယ်။

ဦးထွန်းအောင်ကျော်က “ကျနော်တို့ပါတီတည်ထောင်တဲ့စာရင်းမှာပါတဲ့ လူပုဂ္ဂိုလ် ၂၅ ဦးစလုံးဟာ ဥပဒေဘောင်ထဲမှာ တည်ကြည်မှန်ကန်စွာ ရပ်တည်နေတဲ့သူတွေဖြစ်ပါတယ်။ ဘယ်ဥပဒေမှာ ဖောက်ဖျက်တဲ့သူ မဟုတ်ကြဘူးဆိုတာကတော့ ကျနော်ခိုင်ခိုင်မာမာပြောနိုင်ပါတယ်။ ရခိုင်အမျိုးသားပါတီကိုပယ်ဖျက်လိုက်တဲ့အတွက် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် စစ်တပ်နဲ့ တနည်းနည်း ဆက်သွယ်နေတဲ့ အဖွဲ့အစည်းတွေပဲ ကျန်ရှိပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲပြန်ကျင်းပရင် စစ်တပ်ကိုထောက်ခံသူ နိုင်ငံရေးပါတီတွေကိုသာ ရွေးကောက်ပွဲမှာ အနိုင်ရစေချင်တာကြောင့် ရခိုင်ပြည်နယ်မှာ မဲအများဆုံးနဲ့လူထုထောက်ခံမှုရှိတဲ့ ရခိုင်အမျိုးသားပါတီကို ပါတီမှတ်ပုံတင်ပယ်ဖျက်လိုက်တာလို့ ဝါရင့်နိုင်ရေးသမား လွှတ်တော်ကိုယ်စားလှယ်ဟောင်း  ဦးဖေသန်းက ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်ရင် ANP ပါတီမရှိရင်အကောင်းဆုံးပေါ့။ NLD ပါတီ မရှိရင်အကောင်းဆုံးပေါ့။ SNLD ပါတီ မပါရင် အကောင်းဆုံးပေါ့။ အဲလိုပဲ သူတို့ဘက်မှာ အတွင်းစိတ်အငုံ့စိတ် အဲလိုရှိနေတဲ့အခါမှာ ဒီလိုဖျက်သိမ်းလိုက်တာဖြစ်တယ်။ လူကိုအခြေခံပြီး ပါတီကို ဖျက်သိမ်းတာတို့ ပါတီကို မှတ်ပုံတင်ခွင့်မပြုတာတို့ဆိုတာ ဒါသက်သက် အနိုင်ကျင့်တာ နိုင်ငံရေးနည်းလမ်းကို မယုံကြည်ရာရောက်တယ်။”

ရခိုင်အမျိုးသားပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ် ၁၃ နေရာမှာ  ၈ နေရာ အထိ မဲအများဆုံးနဲ့ ရခိုင်လူထုရဲ့ ထောက်ခံမှုအများဆုံးရခဲ့တဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

စစ်တပ်က အဲဒီရွေးကောက်ပွဲရလဒ် တွေကို ပယ်ဖျက်ပြီး နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ချိန်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ပူးပေါင်းခဲ့ပြီး  ၂၀၂၁ ခုနှစ် မေလထဲရောက်မှ အာဏာသိမ်းစစ်တပ်နဲ့ ပြန်လည်လမ်းခွဲခဲ့တာပါ။

ဒါပေမဲ့ လက်ရှိအချိန်ထိ စစ်ကောင်စီအဖွဲ့ဝင်အထဲမှာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အေးနုစိန်နဲ့ ဦးဇော်အေးမောင်တို့ဟာ ဆက်လက်တာဝန်ထမ်းဆောင်နေကြဆဲ ဖြစ်ပါတယ်။

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013