DVB Logo
Home
မြန်မာသတင်း
ဇူလိုင်၊ ဩဂုတ် ၂ လလုံး မိုးပိုမည်၊ မြစ်ချောင်းနားနီးဒေသများ သတိထားရန်လို
DVB
·
July 4, 2024
ဇူလိုင်၊ ဩဂုတ် ၂ လလုံး မိုးပိုမည်၊ မြစ်ချောင်းနားနီးဒေသများ သတိထားရန်လို
Donate to DVB

မိုးလေဝသခန့်မှန်းတဲ့ ဥရောပက ECMWF, အမေရိကန်က GFS နဲ့ ဂျာမနီက ICON မော်ဒယ်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အနောက်မြောက်ပိုင်း ပင်လယ်ပြင်မှာ လေပွေလှိုင်း၊ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့ ညာဘက်မှာရှိနေတဲ့ မြန်မာနိုင်ငံက အနောက်တောင်မုတ်သုံလေ အားကောင်းနေဆဲ ဖြစ်တဲ့အတွက် နိုင်ငံတခုလုံး မိုးပိုလာနိုင်တဲ့အခြေအနေ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

“မြစ်ရေရဲ့ အခြေအနေက မြစ်ကြီးနားဆိုရင် တော်တော်လေး ရေပြန်ကျသွားပြီ။ အထက်ရေက အောက်ဘက်ကို ဆင်းလာတဲ့အတွက် ဗန်းမော်၊ ရွေကူ၊ ကသာ၊ သပိတ်ကျင်း စသဖြင့် မန္တလေးတောက်လျေှာက်ပဲ၊ ဟိုးအောက်ဘက်က ဇလွန်၊ ဟင်္သာတ အဲဒီအထိ မြစ်ရေက တအိအိ တရိပ်ရိပ်နဲ့ တက်နေတာရှိတယ်။ လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်တဲ့ ၆ ရက် ၇ ရက် ၈ ရက်၊ နောက် မြစ်ရေတွေကလည်း တဖြည်းဖြည်း အောက်ကိုကျလာတဲ့အချိန် အလယ်ပိုင်း မိုးမရတဲ့နေရာတွေ မိုးရွာလာမယ်၊ မိုးကောင်းလာမယ်။ နောက် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း ဒီလိုနေရာတွေမှာလည်း မိုးတွေများလာနိုင်မယ်ဆိုရင် ဒီမြစ်ရေက ရေစီးက နှေးသွားမယ်။ ပင်လယ်ရေထရက်တွေနဲ့ တိုက်ဆိုင်တဲ့အခါ ရေစီးနှေးသွားပြီး ရေတောင့်သွားတတ်တယ်။ ရေက တအိအိနဲ့ တက်လာနိုင်တာပေါ့။”

ဇူလိုင် ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ လှိုင်းအမြင့်ဆုံး ၁ ဒသမ ၃ မီတာ ရှိနိုင်ပြီး အနောက်တောင်ဘက်က လေတိုက်နှုန်း အများဆုံး တနာရီ မိုင် ၃၀ ခန့်ရှိနိုင်မှာ ဖြစ်တဲ့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်း လုပ်ကွက်တွေ သတိထားကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဇူလိုင်နဲ့ ဩဂုတ် ၂ လလုံး ရွာသွန်းမြဲထက် မိုးပိုရွာမှာဖြစ်လို့ မြစ်ရိုးတလျှောက်နဲ့ မြစ်ချောင်းနားနီးတဲ့ဒေသတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဦးဝင်းနိုင်က ထပ်မံ သတိပေးပါတယ်။

“နောက်ပြီးတော့ ဩဂုတ်လည်း ကျနော်တို့ ကြိုပြီး မှန်းလို့ရတယ်။ ဘာလို့လဲဆိုတော့ ဇူလိုင်ရော ဩဂုတ်ရော ၂ လစလုံးမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွာသွန်းမြဲထက်ပိုမယ်လို့ ကျနော်တို့ ခန့်မှန်းထားတာရှိတယ်။ ဒေသတွေရဲ့ မြစ်ရေအခြေအနေ ရေစီးရေလာ ကောင်းမကောင်းဆိုတဲ့ အနေအထားတွေ၊ ရပ်ကွက်တွေရဲ့ အခြေအနေတွေ ဒါတွေအပေါ်မှာ မူတည်ပြီးတော့ ဧရာဝတီမြစ်ရိုးတလျှောက်၊ ချင်းတွင်းမြစ်ရိုးတလျှောက်၊ စစ်တောင်းမြစ်ရိုးတလျှောက်၊ သံလွင်မြစ်တလျှောက်၊ နောက် ဟိုးအောက် ပင်လယ်ထဲ စီးတဲ့အထိ အဲဒီနေရာပတ်ဝန်းကျင်က ဒေသတွေကတော့ ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးဒဏ်အတွက် ကြိုပြီး ပြင်ဆင်ထားသင့်တယ်။ သူတို့ အန္တရာယ်ရှိနိုင်ပါတယ်။ ၂ လပေါ့နော်၊ ဇူလိုင်နဲ့ ဩဂုတ် ၁၅ ရက်ပဲ မဟုတ်ဘဲ ၂ လလုံး သတိထားရမှာပေါ့။”

သဘာဝဘေးအန္တရာယ်တွေအတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ တိုင်းဒေသကြီး အသီးသီးက မြို့နယ်၊ ရပ်ကျေး ကယ်ဆယ်ရေးအသင်းတွေ ပူးပေါင်းပြီး အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းထဲက ကူညီကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရကတော့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဌဝတီမြစ်၊ စစ်တောင်းတို့ အပါအဝင် မြန်မာနိုင်ငံ မြစ်ကြောင်းတွေအားလုံးမှာ မြစ်ရေအတက်ပြနေပြီး ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်နဲ့ မိုးကောင်းမြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ရောက်နေပြီလို့ ဇူလိုင် ၄ ရက် မနက်ပိုင်းမှာ သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013