DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင်ကမ်းခြေ သန့်ရှင်းရေးအတွက် ပလတ်စတစ်အမှိုက်နှင့် ဆန် လဲလှယ်
DVB
·
July 4, 2024
ဖိလစ်ပိုင်ကမ်းခြေ သန့်ရှင်းရေးအတွက် ပလတ်စတစ်အမှိုက်နှင့် ဆန် လဲလှယ်
Donate to DVB

ဖိလစ်ပိုင်မြို့တော် မနီလာအနီးရှိ မာဘီနီမြို့မှာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေးရဲ့ အရေးပါမှုကို ဒေသခံတွေကို ပညာပေးဖို့ ပလတ်စတစ်အမှိုက်တွေနဲ့ ဆန် အလဲအလှယ် လုပ်ပေးတဲ့ အစီအစဉ်ကို စေတနာ့ဝန်ထမ်းအဖွဲ့က ထူးထူးခြားခြား လုပ်ဆောင်ခဲ့ပါတယ်။

ဘာတန်ဂတ်စ်ပြည်နယ်ရှိ မာဘီနီ ဧရိယာဟာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှား အပါအဝင် နိုင်ငံ ၆ ခုကို ဝန်းရံထားတဲ့ ကမ္ဘာ့အဏ္ဏဝါ ဇီဝမျိုးစုံ မျိုးကွဲတွေရဲ့ ဗဟိုဖြစ်တဲ့ သန္တာတြိဂံရဲ့ အစိတ်အပိုင်းဖြစ်ပြီး နာမည်ကျော် ရေငုပ်နေရာတခုလည်းဖြစ်ပါတယ်။ သူ့ရဲ့ ကမ်းရိုးတန်းတလျှောက်မှာ အမှိုက်တွေဟာ တနှစ်ထက်တနှစ် ပိုများလာတာကြောင့် ပလတ်စတစ်နဲ့ ဆန် လဲလှယ်ပေးတဲ့ ပရောဂျက်ကို လုပ်ဖြစ်ခဲ့တာလို့ ပရိုဂရမ်ခေါင်းဆောင် ဂူလီယို အန်ဒယာက ပြောပါတယ်။

ပလတ်စတစ်တွေကြောင့် အဏ္ဏဝါတိရစ္ဆာန်တွေကို အများကြီး ထိခိုက်စေပြီး ပင်လယ်လိပ်တွေလည်း ငါးဖမ်းပိုက်တွေနဲ့ တခြား ပလတ်စတစ်အမျိုးအစားတွေမှာ ရောထွေးနေတာကို တွေ့ရှိရကြောင်း၊ သူတို့ဟာ ပလတ်စတစ်ပိုက်ချောင်းတွေ၊ ပလတ်စတစ်အိတ်တွေကိုလည်း စားကြပြီး အဲဒီ ငါး၊ ရေသတ္တဝါတွေကို လူတွေပြန်စားတဲ့အခါ သူတို့ဗိုက်ထဲမှာ မိုက်ခရိုပလတ်စတစ်တွေကို ပိုပြီး အတွေ့များလာကာ လူတွေကို အန္တရာယ်ဖြစ်စေကြောင်းလည်း သူကဆိုပါတယ်။

ဒါကြောင့် ကမ်းရိုးတန်းက ပလတ်စတစ် ညစ်ညမ်းမှုကို ဆန်နဲ့ လဲလှယ်ပေးပြီးတော့ ကမ်းရိုးတန်းသန့်ရှင်းရေးအတွက် လုပ်အားပေးတဲ့ စေတနာ့ဝန်ထမ်းတွေကို အကူအညီပေးဖို့ တောင်းဆိုပါကြောင်းလည်း အန်ဒယာက ပြောပါတယ်။

ဒီအစီအစဉ်မှာ မာဘီနီဒေသခံတွေ ကမ်းခြေမှစုဆောင်းထားတဲ့ အမှိုက်ထုပ်တွေကို အလေးချိန် ဘယ်လောက်ရှိရှိ သူတို့ကို ဆန် တကီလို ၁ ထုပ် ပြန်ပေးပါတယ်။

ဒီပရောဂျက်ကို ပုဂ္ဂလိက လူပုဂ္ဂိုလ်တွေနဲ့ အဏ္ဏဝါထိန်းသိမ်းရေးအတွက် ထောက်ခံအားပေးတဲ့ ကုမ္ပဏီငယ်တွေက လှူဒါန်းမှုနဲ့ ရန်ပုံငွေ ထောက်ပံ့ပေးထားကြောင်း အန်ဒယာက ပြောပြပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ သန့်ရှင်းရေးအစီအစဉ် စတင်ချိန်ကတည်းက အမှိုက် ၄,၃၀၀ ကီလိုဂရမ်ကျော်ကို စုစုပေါင်း ဆန် ၂,၆၀၀ ကီလိုဂရမ်နဲ့ အလဲအလှယ် လုပ်ခဲ့ပြီးကြောင်း အန်ဒယာက ပြောပါတယ်။

ဒီအစီအစဉ်ဟာ အကူအညီ ကြီးကြီးမားမား ဖြစ်ပါတယ်လို့ ဆန်လို အခြေခံကုန်ပစ္စည်းတွေရဲ့ စရိတ်စကတွေကို ရင်ဆိုင်နေကြရတဲ့ ဒေသခံတွေက ပြောကြပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်မှ ကျွန်ုပ်တို့၏ကမ္ဘာ့ဒေတာ ပရောဂျက်မှာ ၂၀၂၂ ခုနှစ် ဧပြီလ အစီရင်ခံစာအရ ဖိလစ်ပိုင်ဟာ ပလတ်စတစ်အမှိုက်တွေကို သမုဒ္ဒရာထဲကို စွန့်ထုတ်ရာမှာ အဆိုးဆုံးဖြစ်ပြီး ကမ္ဘာတဝန်း စွန့်ပစ်မှုရဲ့ ၃၆ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013