DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် အစ္စရေး ထိုးစစ်ကြောင့် ပါလက်စတိုင်း ၁ ဒသမ ၉ သန်း အဓမ္မရွှေ့ပြောင်းခံခဲ့ရ
DVB
·
July 4, 2024
ဂါဇာတွင် အစ္စရေး ထိုးစစ်ကြောင့် ပါလက်စတိုင်း ၁ ဒသမ ၉ သန်း အဓမ္မရွှေ့ပြောင်းခံခဲ့ရ
Donate to DVB

ဂါဇာကမ်းမြောင်ဒေသက ခန်းယောနစ်နဲ့ ရာဖာမြို့ ဧရိယာတွေဆီ ပါလက်စတိုင်းတွေ ရွှေ့ပြောင်းဖို့ အစ္စရေးရဲ့အမိန့်ဟာ လူပေါင်း ၁ ဒသမ ၁ သန်းကို ဂါဇာကမ်းမြောင်ဒေသကနေ ထွက်ဖို့ ညွှန်ကြားချက်ဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသမှာ အကြီးမားဆုံးသော ရွှေ့ပြောင်းမိန့် ဖြစ်လာတယ်လို့ ကုလသမဂ္ဂက ဇူလိုင် ၂ ရက်မှာ ပြောပါတယ်။

ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်တဲ့ ပြောင်းမိန့်ဟာ ဂါဇာလူဦးရေ ၃ ပုံ ၁ ပုံအပေါ် သက်ရောက်လိမ့်မယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က ပြောခဲ့တာပါ။

ဒီဧရိယာထဲမှာ လက်ရှိ လူပေါင်း ၂ သိန်းခွဲလောက် နေပြီးသားလို့ ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ (UNRWA) က ကနဦး ခန့်မှန်းထားပါတယ်။

ဒီလောက်များတဲ့ လူဦးရေပမာဏကို ရွှေ့ပြောင်းခိုင်းတာဟာ အရပ်သားတွေရဲ့ဒုက္ခကို တိုးမြင့်လာစေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ပိုများလာစေလိမ့်မယ်လို့ ဒူဂျာရစ်က ဆက်ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဖြစ်ရတဲ့ အကြောင်းရင်းအနေနဲ့ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေက အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ပြီး အရပ်သားတွေနဲ့  စစ်သားတွေ အပါအဝင် ဓားစာခံ အယောက် ၂၅၀ လောက်ကို ဂါဇာဆီ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့တယ်လို့ အစ္စရေးရဲ့ စာရင်းဇယားတွေက ဆိုပါတယ်။

အစ္စရေးက လက်တုံ့ပြန်တဲ့အနေနဲ့ ထိုးစစ်ဆင်လို့ လူ ၃၈,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာမှာ စစ်မဖြစ်မီက လူ ၂ ဒသမ ၃ သန်းလောက် နေထိုင်ခဲ့ပါတယ်။ အစ္စရေးရဲ့ ဂါဇာထိုးစစ်ကြောင့် ပါလက်စတိုင်း ၁ ဒသမ ၉ သန်း အတင်းအဓမ္မ နေရာရွှေ့ပြောင်းခဲ့ရပြီးပြီလို့ အင်္ဂါနေ့မှာထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ တရားဝင် အစီရင်ခံစာက ဖော်ပြထားပါတယ်။

အစ္စရေးဟာ ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းတလွှားက ထောင်သောင်းချီတဲ့ လူတွေကို နောက်တသုတ် ထပ်ရွှေ့ပြောင်းဖို့ ဖိအားပေးနေပါတယ်။

အစ္စရေးရဲ့ ရက်စက်တဲ့ ထိုးစစ်နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ဆို့မှုတွေဟာ ဂါဇာကို ဒုက္ခချောက်ကမ်းပါးနဲ့ လူသားဒုက္ခ ဝဲဩဃထဲကို တွန်းချခဲ့တယ်လို့ ကုလ လူသားချင်းစာနာမှုနဲ့ ဂါဇာ ပြန်လည်တည်ဆောက်ရေး အကြီးတန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး စီဂရစ် ကာ့ဂ်က ကုလ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013