Home
မြန်မာသတင်း
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် မြို့နယ် ၁၄ ခုထိပါဝင်လာ၊ သံဃာအားလုံး ပူးပေါင်းကြရန် တိုက်တွန်း
DVB
·
July 2, 2024

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ ပူးပေါင်းပါဝင်လာတဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာပြီး နိုင်ငံတဝန်းက ရဟန်းသံဃာတွေ ပူးပေါင်းပါဝင်လာအောင် စည်းရုံးဆောင်ရွက်နေတယ်လို့ ရွှေဝါရောင်ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။ 

ဇွန် ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် သံဃာတော်တွေက စစ်ကောင်စီအပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို စတင်ခဲ့ကြပြီးနောက် ဇူလိုင် ၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ ရဟန်းသံဃာတွေ ကံဆောင်သပိတ်ပြုထားတဲ့ မြို့နယ် စုစုပေါင်း ၁၄ မြို့နယ်အထိ ရှိလာတာပါ။ 

စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက်၊ ဘုတလင်၊ အရာတော်၊ မြင်းမူ စတဲ့ မြို့နယ် ၁၀ ခု၊ မကွေးတိုင်းထဲက မြိုင်၊ ပခုက္ကူ၊ ပေါက် ၃ မြို့နယ်နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တို့က သံဃာတော်တွေ ပူးပေါင်းပါဝင်ခဲ့တာကြောင့် ၁၄ မြို့နယ်အထိရှိလာတာပါ။ 

ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေက ရဟန်းသံဃာတွေလည်း ကံဆောင်သပိတ်မှာ တရားဝင်ပါဝင်ဖို့ ဆန္ဒရှိကြပေမဲ့ စစ်ကောင်စီက ရန်ပြုလာနိုင်တာကြောင့် သပိတ်မှာ တရားဝင်ပူးပေါင်းဖို့ အခက်အခဲရှိနေကြပါတယ်။ 

စစ်ကောင်စီကိုထောက်ခံတဲ့ မဘသ သံဃာတွေနဲ့ ကြားနေသံဃာတချို့လည်းရှိနေပြီး ရဟန်းသံဃာစစ်မှန်ရင် သပိတ်မှာ ပူးပေါင်းပါဝင်လိုက်နာဖို့ တာဝန်ရှိတယ်လို့ ရွှေဝါရောင်ဦးဆောင်ဆရာတော်တပါးက မိန့်ပါတယ်။

ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က “ပတ္တနိက္ကုဇ္ဇန ကမ္မဝါစာရဲ့အဓိပ္ပာယ်ကိုက ရဟန်း ၄ ပါးကနေပြီးတော့ သိမ်မှာ သပိတ်မှောက်လိုက်ပြီဟေ့ဆိုရင် ရဟန်းစစ်ရဟန်းမှန်ရင် မည်သူမဆို မြတ်စွာဘုရားရဲ့ အာဏာဒေသနာ ဒီပါဠိတော်ပေါ့နော် ဒီဟာကိုအားလုံးက လိုက်နာကြရပါတယ်။ မလိုက်နာလို့မရပါဘူး။ ဒါဟာ ချိုးဖောက်လို့မရဘူး။ ရဟန်းကောင်းမှန်ရင် ရဟန်းစစ်မှန်ရင် ကိုယ့်သံဃာအချင်းချင်း ကျောချင်းကပ်ပြီးတော့ လိုက်နာရမယ်။ မလိုက်နာဘူးဟေ့ဆိုရင် မြတ်စွာဘုရားရော၊ တရားတော်ရော၊ သံဃာတော်ရောကို စော်ကားရာကျတယ်ပေါ့နော်။ ခံစားနေကြရတဲ့ ပြည်သူတွေရဲ့ဘဝကိုလည်း စာနာနားလည်ဖို့လိုတယ်။ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ဒုက္ခတွေဟာ တော်တော်ကြီး ကြီးလာပြီ။ နောင်ဆိုရင် ရဟန်းသံဃာတွေကို လှူချင်ပေမယ့် လှူဒါန်းဖို့တောင် မရှိတဲ့ အနေအထားမျိုးတွေ ဖြစ်လာမယ်ပေါ့နော်။ ပြဿနာတွေကတော့ ဒီ့ထက်ဒီ့ထက်ပိုပြီး ရှေ့မှာကြုံလာနိုင်ဖွယ်ရာတွေကို မြင်ရတဲ့အတွက်ကြောင့် ဓမ္မအမှန်တရားဘက် မားမားမတ်မတ်ရပ်ဖို့လိုတယ်။ မြတ်စွာဘုရား ချမှတ်ထားတဲ့ ဝိနည်း စည်းကမ်းပေါ့နော်။ ဦးဇင်းတို့ ပတ္တနိက္ကုဇ္ဇန ကမ္မဝါစာနဲ့ သပိတ်မှောက်ထားတာကို အားလုံးက တညီတညွတ်တည်း လိုက်ပါဖို့ကိုလည်း ဦးဇင်းတို့ ဆန္ဒပြုပါတယ်” လို့ မိန့်ပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင်အဆင့်ရှိတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်တပ်က ဇွန် ၁၉ ရက်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့သလို နိုင်ငံတဝန်း စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ သံဃာအပါး ၅၀ ကျော်ရှိခဲ့တာပါ။ 

ကံဆောင်သပိတ်ကို နိုင်ငံအနှံ့ ဖော်ဆောင်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလှုပ်ရှားနေတယ်လို့ သပိတ်ဦးဆောင်သံဃာတွေက မိန့်ပါတယ်။ 

တော်လှန်ရေးမတိုင်ခင်ကာလကတည်းက မဘသဆရာတော်တွေရဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်မှုတွေ၊ သံဃာနဲ့ မဆီလျော်တဲ့ ပြုမူပြောဆိုမှုတွေကြောင့် သံဃာတွေအပေါ် လူပုဂ္ဂိုလ်တွေက အရိုအသေတန်တဲ့ အခြေအနေတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။ 

ပြည်သူတွေလှူဒါန်းတဲ့ ဆွမ်းကို ဘုဉ်းပေးခဲ့တဲ့ ရဟန်းတွေဟာ ပြည်သူတွေရဲ့ ကျေးဇူးကို သိတတ်ရမှာဖြစ်ပြီး ပြည်သူ့ဘက် ဓမ္မဘက်က ဦးဆောင်ရပ်တည်မှသာ ပြည်သူတွေရဲ့ လေးစားမှုကို ခံယူနိုင်မယ်လို့ သပိတ်ဦးဆောင်ရဟန်းတပါးဖြစ်တဲ့ အရှင်တေဇာနန္ဒ(တန့်ဆည်) က မိန့်ပါတယ်။

“ခေတ်အဆက်ဆက်ကလည်း ရဟန်းသံဃာတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ဦးဇင်းတို့ ၉၀ ခုနှစ်ကရော၊ ၂၀၀၇ ခုနှစ်ကရော ပတ္တနိက္ကုဇ္ဇနကံ ပြုခဲ့ကြပြီးပြီ။ အဲဒီသပိတ်မှောက် ကံတွေကလည်း ခုချိန်အထိ သပိတ်မလှန်ရသေးဘူး။ ထပ်ခါထပ်ခါ ကျူးလွန်နေတယ်ပေါ့နော်။ ဦးဇင်းတို့ သပိတ်မှောက်ကံ ၈ ပါးထဲမှာ သံဃာကို လာဘ်မရအောင်ပြုခြင်း၊ သံဃာကို နေရာမရအောင်ပြုခြင်း အစရှိတဲ့ သံဃာကို ဆဲရေးတိုင်းထွာခြင်း၊ ညှဉ်းဆဲခြင်း ဒီလိုလုပ်ရင်တောင်မှ သပိတ်မှောက်ရမယ်လို့ အခြေအနေမျိုးတွေ ရှိတယ်။ ဒီနေ့မှာ သံဃာတွေကို သတ်ဖြတ်တဲ့အဆင့်အထိ ရောက်လာပြီ။ ခေတ်အဆက်ဆက်လည်း သတ်ခဲ့တယ်။ ဘုရားစေတီပုထိုးတွေ၊ တခြားဘာသာရေး အဆောက်အဦတွေကိုလည်းပဲ ၁၀၀ ကျော်လောက်အထိ ဖျက်ဆီးခဲ့ပြီးပြီဆိုတော့ စစ်အုပ်စုဟာ သပိတ်မှောက်ကံထိုက်နေတာ ဖြစ်တယ်။ အရှင်ဘုရားတို့က ဘယ်လိုအခြေအနေရောက်မှ ဒီစစ်အုပ်စုကို သပိတ်မှောက်ကံ ပြုကြမှာလဲပေါ့။ ကန့်ကွက်မှုတွေ၊ ရှုတ်ချမှုတွေကို လုပ်သင့်တဲ့ အချိန်ရောက်နေပြီ ဘယ်အချိန်အထိ စောင့်ကြမှာလဲဆိုတာကို ဦးဇင်း ပြောချင်ပါတယ်ဗျ။"

ဇူလိုင် ၁ ရက်နေ့မှာ မကွေးတိုင်း၊ ပေါက်မြို့နယ်က ရဟန်းသံဃာတွေကလည်း ကံဆောင်သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပြီး ရဟန်းသံဃာတွေဟာ စစ်ကောင်စီကို ကန့်ကွက် သပိတ်မှောက်တဲ့ မြန်မာ့လူမှုအဖွဲ့အစည်းရဲ့ နောက်ဆုံးနဲ့ အဆင့်အမြင့်ဆုံး အစုအဖွဲ့ဖြစ်တယ်လို့ မကွေးဒေသခံနိုင်ငံရေးသမားတဦးက သုံးသပ်ပါတယ်။

“အခုအချိန်မှာလည်း အားလုံးသိတဲ့အတိုင်းပဲ စစ်အုပ်စုရဲ့ ပရမ်းပတာစီမံခန့်ခွဲမှုပေါ့။ အစိုးရအဆင့်ကိုရဖို့ သူတို့ ကြိုးစားတာတောင် အခုအထိ မအောင်မြင်တဲ့အခါမှာ အရင်ဆုံး ခါးဆီးခံရတာက အခြေခံလူတန်းစားတွေက ခါးစည်းခံရတာပေါ့။ ကျနော်တို့နိုင်ငံရဲ့ ၇၀ နဲ့ ၈၀ ရာခိုင်နှုန်းကြားသည် အခြေခံလူတန်းစားတွေ ဖြစ်နေတဲ့အခါကျတော့ ဒီအခြေခံလူတန်းစားတွေကို တည်မှီပြီးတော့မှ ဗုဒ္ဓဘာသာရဟန်းတော်တွေကလည်း ပစ္စည်းလေးပါးကို တည်ဆောက်ရတာဆိုတဲ့အခါကျတော့ ပြည်သူတွေ အဆင်မပြေတဲ့အခါ၊ ကျပ်တည်းတဲ့အခါမှာ သံဃာတော်တွေလည်း တော်တော်လေးထိခိုက်လာပြီးတော့မှ သူတို့ လုပ်နိုင်တဲ့ဘက်က၊ ကျနော့်အမြင် ပြောရရင်တော့ ဒါသည် နွေဦးတော်လှန်ရေး အပြီးသတ်တော့မယ့် နောက်ဆုံးအုပ်စုအဖြစ်နဲ့ ဆရာတော်သံဃာတော်တွေ ပါဝင်လာတယ်လို့ အဲ့လိုပဲယူဆပါတယ်။”

စစ်ကောင်စီဟာ အာဏာစသိမ်းတဲ့နေ့ကတည်းက မြဝတီမင်းကြီးဆရာတော်၊ ရွှေညဝါဆရာတော်၊ ဦးသောဘိတ(အလင်္ကာကြယ်)၊ ဦးတေဇနိယ(မန်းတောင်ခြေ) စတဲ့ နာမည်ကျော် စာတတ်ရဟန်းတွေကို ဖမ်းဆီး၊ လူဝတ်လဲ၊ အကျဉ်းချတာတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ဆန္ဒပြပွဲမှာပါဝင်တဲ့ ရဟန်းတွေနဲ့ တခြားဘာသာရေးခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးအကျဉ်းချတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝငတွေ ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော် အရှင်မုနိန္ဒာဘိဝံသရဲ့ ဇွန် ၂၇ ရက် အန္တိမအဂ္ဂိဈာပနကို တပည့် ဒါယိကာ ဒါယိကာမတွေနဲ့ ပဲခူးမြို့လုံးကျွတ်နီးပါး မြို့သူမြို့သားတွေ လိုက်ပါပို့ဆောင်ခဲ့ကြတာပါ။ 

နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင် ဆရာတော်တပါးကို အဆင်ခြင်မဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ပြဿနာဟာ အလွယ်တကူပြီးသွားမယ့် ပြဿနာမျိုးမဟုတ်ဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024