DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် ကျားဖျန့်ဂိုဏ်းတွင် ပိတ်မိနေသော မော်ရိုကိုနိုင်ငံသား ၂၁ ဦး အကူအညီမရသေး 
DVB
·
July 1, 2024
မြန်မာပြည် ကျားဖျန့်ဂိုဏ်းတွင် ပိတ်မိနေသော မော်ရိုကိုနိုင်ငံသား ၂၁ ဦး အကူအညီမရသေး 
Donate to DVB

မြန်မာနိုင်ငံ မြဝတီခရိုင်ရှိ ကျားဖျန့်ဂိုဏ်းမှာ မော်ရိုကိုနိုင်ငံသား ၂၁ ဦး ပိတ်မိနေပြီး သက်ဆိုင်ရာကို အကူအညီတောင်းထားတာ တလခွဲလောက်ရှိပေမဲ့ ခုထိ အကူအညီမရသေးဘူးလို့  ဇွန် ၂၉  ရက်ထုတ် 3Plus News သတင်းမှာ ဖော်ပြပါတယ်။ 

သူတို့ဟာ တလကို ဒေါ်လာ ၁၀၀၀၊ လုပ်ငန်းကျွမ်းကျင်ရင် ဒေါ်လာ ၂၀၀၀ ထိ တိုးမြှင့်ပေးမယ်ဆိုတဲ့ အွန်လိုင်းက အလုပ်ခေါ်စာကြောင့် မော်ရိုကိုမှ တူရကီ၊ တူရကီမှ မလေးရှား၊ မလေးရှားမှ ထိုင်းကို လာခဲ့ကြောင်း၊ ထိုင်းကနေ နောက်တနေရာကို ရေချောင်းနဲ့ ကူးသွားရတယ်၊ အမည်မသိလက်နက်ကိုင်သူတွေ လာကြိုတယ်၊ ဟိုရောက်တော့ ဖုန်းတွေ အသိမ်းခံရပြီး အွန်လိုင်းငွေလိမ်တဲ့အလုပ်ကို အတင်းလုပ်ခိုင်းတယ်၊ မလုပ်ဘူးဆိုရင် အမျိုးမျိုးနှိပ်စက်ခံရတယ်လို့ ပိတ်မိသူတွေ လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်း Freedom Home ဖောင်ဒေးရှင်းတာဝန်ရှိသူတဦးက သတင်းဌာနကို ပြောပါတယ်။ 

တည်နေရာမှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ် ချောင့်ခက်ပ်ရွာ တဘက်ကမ်း  မြဝတီမြို့နယ် ဖလူးရွာမှာ ရှိနေကြောင်း၊ ဂိုဏ်းခေါင်းဆောင်တွေမှာ တရုတ်တွေဖြစ်ပြီး အဲဒီနေရာကနေ လွတ်ချင်ရင် ဒေါ်လာ ၆၀၀၀ မှ ၇၀၀၀ (ထိုင်းဘတ် ၂ သိန်းကျော်) ပေးရမယ် ဆိုတာကြောင့်  ပိတ်မိသူ ၅ ဦးက  သူတို့အိမ်ကနေ ငွေတောင်းပြီးပေးခဲ့ပြီးပြီ၊ ဒါပေမဲ့ မလွှတ်ပေးသေးဘူး၊ ဖောင်ဒေးရှင်းအနေနဲ့လည်း ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့စွဲနဲ့ ဘန်ကောက်ရှိ ထိုင်း-မြန်မာသံရုံး၊ ထိုင်းမော်ရိုကို သံရုံးနဲ့ ထိုင်းနိုင်ငံခြားရေးဌာနကို အကြောင်းကြားစာပေးပို့ခဲ့တယ်။  ဒေသတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ DKBA ကလည်း သွားစစ်ဆေးပေးခဲ့တယ်လို့ ကြားတယ်၊ ဒါပေမဲ့ မဲဆောက်လဝက ရဲတပ်ဖွဲ့နဲ့ ဖုပ်ဖရမြို့နယ် အုပ်ချုပ်ရေးရုံးကို မေးကြည့်တော့ ဘာမှမသိရသေးဘူးလို့ ပြောတယ်၊ သက်ဆိုင်ရာ မိသားစုဝင်တွေ အလွန်အမင်းစိတ်ပူနေလို့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ထံ လိပ်မူပြီး ထပ်မံတိုင်ကြားထားတယ်လို့ ဖောင်ဒေးရှင်းတာဝန်ရှိသူက ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး  ထိုင်း Fair Party လွှတ်တော်အမတ် ခွန်ကလဝီ ဆိပ်ဆဲန်ကလည်း  မြန်မာပြည် ကျားဖျန့်ဂိုဏ်းမှာ ပိတ်မိနေတဲ့ မော်ရိုကို နိုင်ငံသား ၂၁ ဦးရှိပြီး နောက်ထပ်စာရင်းမရသေးသူတွေလည်း ရှိသေးတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ ဆိုတော့ ကယ်ထုတ်ရတာ အခက်အခဲရှိတယ်၊ အစိုးရချင်း အစိုးရ တရားဝင်ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်၊ ထိုင်းနိုင်ငံအနေနဲ့  လူသားချင်းစာနာမှုဆိုင်ရာ အမြန်ဆုံး ကူညီဆောင်ရွက်ပေးသင့်ပါတယ်၊  မိမိဆန္ဒအရ သွားရောက်လုပ်ကိုင်သူနဲ့  လိမ်လည်ခံရသူဆိုပြီး ခွဲထုတ်ကာ အပြစ်ပေးခြင်း၊ ကူညီခြင်းကို ပြတ်ပြတ်သားသား ဆောင်ရွက်သင့်တယ်လို့  ချာနယ်လ် ၃ သတင်းဌာနကို ပြောသွားပါတယ်။ 

ကိုးကား - 3Plus News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013