
Project Loan စနစ်နဲ့ရယူထားတဲ့ ဘဏ်ချေးငွေနဲ့ အတိုးတွေ ရလိုမှုအတွက် ကမ္ဘောဇဘဏ်က ဆောက်လုပ်ရေးကုမ္ပဏီတခုနဲ့ တာဝန်ရှိသူတချို့ကို ရန်ကုန်၊ အလုံခရိုင်တရားရုံးမှာ တရားစွဲဆို ထားတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ တရားရုံးတော်က အောက်တိုဘာ ၈ ရက်က ထုတ်ပြန် တဲ့ ငြင်းချက်ထုတ်ရန် သမ္မန်စာ အရသိရပါတယ်။
အခုကိစ္စဟာ မြန်မာ့ဆောက်လုပ်ရေးကဏ္ဍအတွင်း တန်ဖိုးကြီးဇိမ်ခံကွန်ဒိုစီမံကိန်းကြီး ၃ ခုရဲ့ ပြဿနာတွေ ပေါ်ထွက်လာချိန်မှာ နောက်ထပ်ပေါ်လာတဲ့ အရေးပါတဲ့ ငွေကြေးဆိုင်ရာ ပြဿနာ တရပ် ဖြစ်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က မှတ်ချက်ပြုပါတယ်။
၂၀၂၆ ခုနှစ်၊ တရားမကြီးမှုအမှတ် ၇၁ နဲ့ စွဲဆိုထားတဲ့ အဆိုပါအမှုနဲ့ ပတ်သက်ပြီး Aye Yeik San Construction and Development Co.,Ltd အပြင် ဦးတည်ကြည်ဦးနဲ့ ဒေါ်ချောစုမြင့်တို့ကို တရားတွေပြိုင်တွေအဖြစ် တရားရုံးတော်က သတ်မှတ်ထားပါတယ်။
အောက်တိုဘာ ၁၆ ရက်မှာ အလုံခရိုင်တရားရုံးကို လာရောက်ပြီး တရားလိုရဲ့ အဆိုလွှာကို ထုချေ ရှင်းလင်းဖို သမ္မန်စာထုတ်ထားတာတွေ့ရပါတယ်။ သတ်မှတ်ရက်မှာ လာရောက်ဖို့ ပျက်ကွက်ခဲ့ရင် တရားပြိုင်တွေရဲ့ မျက်ကွယ်မှာ ငြင်းချက်တွေ ထုတ်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
အလားတူ အိမ်ခြံမြေကုမ္ပဏီတခုဖြစ်တဲ့ MYANMAR MAXIMUM REAL ESTATE ကုမ္ပဏီကို မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာဥပဒေ ပုဒ်မ-၂၁၁ အရ အစုရှယ်ယာရှင်တွေရဲ့ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဆိုင်ရာ နောက်ဆုံးအစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်မနက်မှာ အဲ့ဒီ ကုမ္ပဏီရုံးခန်းမှာ ကျင်းပဖို့ နိုင်ငံပိုင်သတင်းစာတွေမှာ ခုရက်ပိုင်း ကြေညာထားတာလည်း တွေ့ရပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မှာ အမေရိကန်ဒေါ်လာ သန်းရာချီတန်ကြေးရှိတဲ့ The Central၊ Emerald Bay Tower 3 နဲ့ The Park စတဲ့ တန်ဖိုးကြီး ကွန်ဒိုဈေးကွက်ကြီးဟာ ဆက်မဆောက်နိုင်တော့တဲ့ အခြေအနေအထိရောက်ရှိလာခဲ့ပြီး ယိုင်နဲ့နဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍအပေါ် ဆက်တိုက်ထိခိုက်လာစေခဲ့ပါတယ်။
တဆက်တည်းမှာပဲ ရန်ကုန်မြို့လယ်က ကိုလိုနီခေတ်လက်ရာ မီးရထားရုံးချုပ်ဝင်းဟောင်းနေရာကို အဆင့်မြှင့်တင်မဲ့ ရိုးမစင်ထရယ်စီမံကိန်းထဲ ရှယ်ယာဝင်ထားကြတဲ့ ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)၊ အာရှဖွံဖြိုးရေးဘဏ် (ADB) နဲ့ ဂျပန်မစ်ဆူဘီရှီအုပ်စုတို့လည်း အချိန်ကိုက် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းချိန်ကစပြီး အခု ၂၀၂၆ အထိ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းနဲ့ ရန်ကုန်တိုင်းအတွင်းက မင်္ဂလာဒုံ၊ အင်းစိန်၊ သင်္ဃန်းကျွန်း ၊ ဗိုလ်တထောင်၊ ဒဂုံမြိုသစ်၊ တွံ တေး၊ ကျောက်တံတား၊ ကမာရွတ်၊ အလုံနဲ့ မရမ်းကုန်းစတဲ့ မြို့နယ် ၁၀ မြို့နယ်က စုစုပေါင်း ၂,၇၈၂ ကိုလည်း ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ ပြင်ဆင် ဆောက်လုပ်မှုနဲ့ အရေးယူထားပါတယ်။
ဒီအပိုင်းမှာလည်း ကြိုပွိင့်ဝယ်ယူထားသူတွေ ပြဿနာဖြစ်နေကြတယ်လိုလည်း နောက်ထပ် ဆောက်လုပ်ရေးလုပ်ငန်းရှင် တယောက်က ပြောပြပါတယ်။
“မြန်မာ့ဆောက်လုပ်ရေးလောက က အခုလုံးဝပြိုလဲပျက်စီးသွားပြီ။ အဲ့အကျပ်အတည်းဒဏ်ကို အောက်ခြေလုပ်သား သန်းနဲ့ချီပြီး အလုပ်အကိုင်တွေ ဆုံးရှုံးနစ်နာမှုတွေ ကြုံလာကြရတော့မယ်။”
ဗဟိုဘဏ်ရဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အစီရင်ခံစာအရ ဆောက်လုပ်ရေးအတွက် ဘဏ်ချေးငွေ ဟာ ကုန်သွယ်မှုနဲ့ ဝန်ဆောင်မှုပြီးရင် တတိယနေရာမှာ ရှိနေပြီး ငွေကျပ် ဘီလီယံ ၈၀၀၀ နဲ့ ၆၀၀၀ ကြားတွင် ရှိနေတဲ့အပြင် အိမ်ရာချေးငွေမှာလည်း အရင်နှစ်ကထက် ၂ ဆကျော်တိုးလာကာ ဘီလီယံ ၁,၀၀၀ ကျော်အထက် ရောက်ရှိနေတယ်လို့ ဗဟိုဘဏ်စာရင်းတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဩဇာခံ လွှတ်တော်အစည်းအဝေးမှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံရဲ့ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်ရဲ့ စုစုပေါင်းချေးငွေနဲ့ NPL (Non-Performing Loans) အချိုးဟာ ၈ ဒသမ ၈၇ ရာခိုင်နှုန်း အထိ ရှိနေတယ်လို့ ပြောပါတယ်။
NPL ဆိုတာဟာ အရင်းနဲ့ အတိုးပေးဆပ်ဖို ရက်ပေါင်း ၉၁ ရက်နဲ့ အထက် ပျက်ကွက်နေတဲ့၊ ဝင်ငွေ ရလမ်း မရှိတော့ဘဲ ရဖို့ မသေချာတော့တဲ့ ချေးငွေကို ဆိုလိုတာဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် ဘဏ်တွေအနေနဲ့ ချေးငွေအသစ်တွေ ထုတ်ပေးရာမှာ အလွန်တရာ တင်းကျပ် လာတော့မှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေ ရန်ပုံငွေရရှိဖို ပိုမိုခက်ခဲလာနိုင်ကြောင်း ဘဏ္ဍာရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။











