DVB Logo
Home
ဆောင်းပါး
ပေါ့ဆမှုအတွက်တာဝန် (ဥပဒေရေးရာ)
DVB
·
June 29, 2024
ပေါ့ဆမှုအတွက်တာဝန် (ဥပဒေရေးရာ)
Donate to DVB

၁၉၂၈၊ ဩဂုတ်၊ ၂၆ ရက်နေ့မှာ မေဒိုနိုဟျူးနဲ့ သူငယ်ချင်းတယောက်ဟာ စကော့တလန်နိုင်ငံ၊ ပေစလိမြို့က စားသောက်ဆိုင်တဆိုင်ကို ရောက်ရှိလာကြပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်အတွက် စားစရာ သောက်စရာတွေ မှာကြတယ်။ မေက စတီဗင်ဆန် ကုမ္ပဏီကထုတ်တဲ့ ချင်း(ဂျင်း) နံ့ပါတဲ့ ဘိလပ်ရည်တမျိုးကို သောက်တယ်။ ဘိလပ်ရည်ပုလင်းဟာ အပြင်ဘက်ကနေ ဖောက်ထွင်းမမြင်နိုင်တဲ့ အညိုရောင် ပုလင်းအမျိုးအစား ဖြစ်ပါတယ်။ ဒီလိုနဲ့ မေတယောက် ဘိလပ်ရည်ကို သောက်တယ်။ သောက်ရင်းနဲ့ ခရုအသေတကောင် ဘိလပ်ရည်ပုလင်းထဲက ပါလာတာကို တွေ့ရပါတယ်။ မေ တယောက် အတော်လေး တုန်လှုပ်သွားပါတယ်။ ခဏလေးအတွင်းမှာပဲ ကိုယ်လက်မအီမသာ ဖြစ်လာပါတော့တယ်။

ဒီကိစ္စမှာ စားသောက်ဆိုင်ပိုင်ရှင်ကိုတော့ အပြစ်တင်လို့မရတာက ရှင်းပါတယ်။ ဒီပုလင်းတွေကို ထုတ်လုပ်သူ ဒေးဗစ်စတီဗင်ဆန် ကိုယ်တိုင် တိုက်ရိုက်ပေးပို့လို့ပါပဲ။ ဒါကြောင့် စားသောက်ဆိုင်ပိုင်ရှင်ဟာ ဒီပုလင်းတွေအထဲမှာ ဘာပါလဲဆိုတာ မမြင် မသိနိုင်ပါဘူး။

ဖြစ်ချင်တော့ မေဟာ မစ္စတာ စတီဗင်ဆန်ရဲ့ ဖောက်သည်တယောက်လည်း ဖြစ်မနေခဲ့ပါဘူး။ အဲဒီအချိန်တုန်းက ဥပဒေအရ မေ အနေနဲ့ အခုလို နေထိုင်မကောင်းဖြစ်မှုအတွက် လျော်ကြေးတောင်းဆိုဖို့ဆိုရင် ဘိလပ်ရည်ထုတ်လုပ်သူနဲ့ သူမအကြားမှာ စာချုပ်ရှိဖို့ လိုအပ်ပါတယ်။ ထုတ်လုပ်သူနဲ့ စားသုံးသူအကြား စာချုပ်မရှိရင် တရားစွဲဆိုခွင့် မရှိပါဘူး။ ဒါကြောင့် မေ တယောက် တရားစွဲဖို့ ခက်ခဲနေခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မေကတော့ စတီဗင်ဆန်ကို တရားစွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၃၁ ခုနှစ်မှာ ဗြိတိန်ရဲ့ အမြင့်ဆုံးတရားရုံးချုပ်မှာ အမှုပြီးဆုံးသွားခဲ့ပါတယ်။

သင့်အိမ်နီးချင်းကို ချစ်ပါ

၁၉၃၂ မှာ တရားသူကြီး လော့ဒ်အက်ကင်က မေကို အနိုင်ပေးခဲ့ပါတယ်။ ဘိလပ်ရည်ထုတ်လုပ်သူ စတီဗင်ဆန်ဟာ သူ့ရဲ့ထုတ်ကုန်ကို သောက်သုံးတဲ့ ဘယ်သူ့အတွက်မဆို ဂရုစိုက်ရမယ့်တာဝန်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပေးခဲ့ပါတယ်။ အခုလို လျော်ကြေးရလိုမှုအတွက် စွဲဆိုကြတဲ့အမှုတွေမှာ ကိုယ်လုပ်လိုက်တဲ့ အပြုအမူတွေဟာ အခြားသူအပေါ် ထိခိုက်နစ်နာနိုင်ခြေရှိမရှိ ကြိုတင်သိမြင်ရမယ့်အချက်ကို သက်သေပြနိုင်ဖို့လည်း အရေးကြီးကြောင်း တရားရုံးတော်က ထည့်သွင်းသုံးသပ်ခဲ့တယ်။

သမ္မာကျမ်းစာရဲ့ ပညတ်ချက်ထဲမှာ “သင့်အိမ်နီးချင်းကို ချစ်ခင်ပါ” ဆိုတဲ့ ပညတ်တော်တပါးရှိကြောင်း အက်ကင်က တင်စားသုံးသပ်ခဲ့တယ်။ သူ့အလိုအရ အိမ်နီးချင်းဆိုတာ ကိုယ်နဲ့ ရုပ်ပိုင်းအရ နီးကပ်နေတဲ့သူတင် မကဘူး။ ကိုယ်ရဲ့ပေါ့ဆမှုကြောင့် ထိခိုက်နစ်နာသူတွေလည်း ပါဝင်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ လူတဦးရဲ့ အခြားသူတဦးအတွက် တာဝန်ကို အကြမ်းဖျင်းပြောရာမှာ စံနှုန်းတခုကို အက်ကင်က ချမှတ်ခဲ့ပါတယ်။ အဲဒီစံနှုန်းအရ လူတဦးဟာ သူ့ရဲ့ ပေါ့ဆတဲ့ အပြုအမူတွေအတွက် တာဝန်ရှိမရှိ တရားရုံးတွေက ဆန်းစစ်နိုင်ပါတယ်။ ဒါကို ဂရုစိုက်ရမယ့်တာဝန်လို့ အကြမ်းဖျင်း ခေါ်ဆိုနိုင်ပါတယ်။

မေရဲ့အမှုမှာတော့ ရှင်းပါတယ်။ ဘိလပ်ရည်ထုတ်လုပ်ရောင်းချသူဟာ ကမ္ဘာတလွှား တင်ပို့ရောင်းချဖို့ ရည်ရွယ်ပြီး သူ့ရဲ့ကုန်ပစ္စည်းကို ထုတ်လုပ်လိုက်တာပါ။ ဒါကြောင့် သူ့ကုန်ပစ္စည်းထဲမှာ အဆိပ်အတောက်တွေနဲ့ ညစ်ညမ်းတဲ့ ရောဂါပိုးမွှားတွေ ပါရှိနေရင် အဲဒီကုန်ပစ္စည်းကို ဝယ်သူသုံးစွဲသူတွေအနေနဲ့ ထိခိုက်နစ်နာမှုရှိမယ် ဆိုတာကို ကြိုတင်သိမြင်ကြရမှာပဲ ဖြစ်ပါတယ်။

Donahgue နဲ့ Steven

အမှုဟာ တရားမနစ်နာမှုဥပဒေမှာ အရေးကြီးပါတယ်။ (တရားမနစ်နာမှုဆိုတာ ဘေးကင်းလုံခြုံတဲ့ ကုန်ပစ္စည်းတွေရပိုင်ခွင့်၊ ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ ပစ္စည်းဥစ္စာ ကာကွယ်ပိုင်ခွင့်၊ စီးပွားရေးအကျိုးစီးပွား ကာကွယ်ခွင့်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိခိုက်နစ်နာမှုရှိရင် လျော်ကြေးငွေ တောင်းဆိုနိုင်တဲ့ ဥပဒေလို့ ယေဘုယျ နားလည်နိုင်ပါတယ်။) ဒါ့အပြင် ဒီအမှုဟာ လူအားလုံးနဲ့ပတ်သက်ပြီး ဂရုစိုက်ရမယ့် တာဝန်ရှိကြောင်းကို ဖွင့်ဆိုရှင်းလင်းလိုက်တဲ့အမှုလည်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဆရာဝန်နဲ့ လူနာ၊ ရှေ့နေနဲ့ အမှုသည်၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ ကုန်ထုတ်လုပ်သူနဲ့ ဝယ်ယူသုံးစွဲတဲ့ ဖောက်သည် ဆိုပြီး သူတို့ကြားမှာ သီးခြားတည်ရှိနေတဲ့ တာဝန်ဝတ္တရားတင် မကတော့ဘဲ အခြားလူတွေအပေါ်မှာလည်း ပေါ့ဆလို့မရတဲ့ ယေဘုယျကျတဲ့ တာဝန်ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

နောက်ပိုင်း တရားရုံးတွေမှာ ကြိုတင်သိမြင်နိုင်မှုနဲ့ နီးစပ်မှုလို သဘောတရားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုလာတဲ့အခါ မေဒိုဟျူး အမှုဟာ ပိုလို့အရေးပါလာပါတယ်။ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုတွေနဲ့ ကမ္ဘာတဝန်းက စားသုံးသူဥပဒေတွေမှာ အထင်ကရအမှုတခုလည်း ဖြစ်လို့လာပါတယ်။ ဒါတင်မက မျက်မှောက်ခေတ်ရဲ့ ပေါ့ဆမှုနဲ့ပတ်သက်တဲ့ ဥပဒေတွေအတွက်ပါ အုတ်မြစ်ခင်းပေးနိုင်ခဲ့ပါတယ်။

သပြေညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013