
ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းဟာ ဗဟို ချုပ်ကိုင်မှု များနေသလို မသန်စွမ်းသူတွေက ပညာရေးစနစ်မှာ ပါဝင်နိုင်ဖို့ ခွဲခြားမှုတွေ ရှိနေတဲ့အတွက် လူထုအခြေပြု အဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ပါတယ်။
[caption id="attachment_65828" align="alignleft" width="300"]
သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်[/caption]
အမျိုးသားပညာရေး ဥပဒေ ပေါ်ပေါက် လာပြီး ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အဖွဲှ့အစည်းတွေကြား ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အတွက် စက်တင်ဘာ ၂၃ ရက်နေ့ ရန်ကုန်မြို့မှာ ပညာရေး စနစ်ပြုပြင်းလဲရေးနိုင်ငံ လုံးဆိုင်ရာကွန်ရက် (NNER) နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကန့်ကွက် ပြောဆိုလိုက်တာဖြစ်ပြီး အချက် ၈ ချက်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။
တက္ကသိုလ် ကောလိပ်တွေမှာ ဗဟို ဦးစီးအဆင့်ကနေ ချုပ်ကိုင်တာ မဟုတ်ဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရှိဖို့ တက္ကသိုလ်အချင်းချင်း ပူးပေါင်းလုပ်ဆောင်စေချင်တဲ့အကြောင်း လူတိုင်းအကျုံးဝင် ပညာရေးလို့ ပြောထားပေမယ့် မသန်စွမ်းတွေပါဝင်နိုင်ဖို့က အကျုံးဝင် ပညာရေးနဲ့ ဆန့်ကျင်နေတဲ့အတွက် ခွဲခြားမှု မဖြစ်အောင် တိုက်တွန်းထားတယ်လို့ ညီမျှခြင်း-မြန်မာ အဖွဲ့က အထွေထွေ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းကပြောပါတယ်။
သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးအောင်မျိုးမင်းက “ထုတ်ပြန်တဲ့အကြောင်းအရာတွေပေါ် မူတည်ပြီး တခြားသူတွေ ဒီလိုမျိုး ဥပဒေကို ထပ်ပြီးကောင်းအောင် လုပ်ဆောင်တဲ့အပိုင်းမှာ ပါဝင်ဖို့ရယ်၊ ဘယ်ဟာတွေက ဒီဥပဒေနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ သိပ်ပြီး ဘ၀င်မကျတာ ဖြစ်နေလဲဆိုတာ သိဖို့အတွက် သတင်းစာရှင်းလင်းပွဲ လုပ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
မသန်စွမ်းသူတွေကို ကျောင်းတွေရဲ့ ပညာသင်ကြားမှုမှာ တတ်နိုင်သလောက်ပါဝင်နိုင်ဖို့၊ တိုင်းရင်းသား ဘာသာစကားကို ထည့်သွင်း သင်ကြားဖို့ ပြောပေမယ့် တိတိကျကျမဖော်ပြထားတဲ့အတွက် တိုင်းရင်းသား ဒေသမှာ ရှိတဲ့ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ရင် မိခင်ဘာသာစကားရယ် မြန်မာစာ၊ အင်္ဂလိပ်စာရယ်ကို ပြဌာန်းပေးဖို့နဲ့ ဒီလို ပြဌာန်းရာမှာ ကျောင်းကသာ ဘယ်ဘာသာစကားကို သင်ကြားမလဲဆိုတာ လုပ်ဆောင်ပေးဖို့လိုတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်တွေကို ဥပဒေမှာ မပါသလို ဆရာ၊ ဆရာမတွေကိုလည်း ကိုယ့်ကျင့်တရား ကောင်းမှ ဗဟိုအုပ်ချုပ်မှုပုံစံကို ကျင့်သုံးမယ်လို့ ပြောဆိုထားတဲ့အတွက် ဆရာဆရာမတွေက အကျင့် မကောင်းတဲ့ပုံစံဖြစ်နေတဲ့အတွက် ဒီအချက်တွေကို ကန့်ကွက်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
အမျိုးသား ပညာရေး ဥပဒေကို အတည်ပြုခဲ့ပြီးတဲ့နောက်ပိုင်း ကျောင်းသား သမဂ္ဂ အဖွဲ့တွေကလည်း ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတွေ နိုင်ငံတ၀န်း လုပ်ဆောင်ခဲ့ပါတယ်။










