DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်ဗုံးကြဲသဖြင့် ကလေးအပါအဝင် ၂ ဦး ဒဏ်ရာရ၊ စဉ့်ကူး၌ အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
June 28, 2024
တနင်္သာရီတွင် စစ်တပ်ဗုံးကြဲသဖြင့် ကလေးအပါအဝင် ၂ ဦး ဒဏ်ရာရ၊ စဉ့်ကူး၌ အမျိုးသား ၁ ဦး ပစ်သတ်ခံရ
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုမှာ စစ်‌တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး ၃ နှစ်အရွယ် ကလေးတဦး ထိခိုက်ဒဏ်ရာရကာ အပါအဝင် နေအိမ်၊ ကားတစီးနဲ့ ဥယျာဉ်ခြံထဲက ကွမ်းပင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဇွန် ၂၇ ရက် မွန်းတည့် ၁၂ နာရီလောက်က သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းရွာကို K8W အမျိုးအစား ဂျက်ဖိုက်တာလေယာဉ်တစီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ ပွိုင့် အမျိုးအစား စက်သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့‌တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွဲထိန်းကုန်းရွာထဲက နေအိမ် ၃ လုံး ဗုံးသီးထိမှန် ပျက်စီးခဲ့ပြီး ဂျက်လေယာဉ်ပေါ်မှ ၅ ပွိုင့် စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာနားရှိ ဆီအုန်းခြံထဲက ကျောက်ကားတစီးလည်း ကျည်ထိမှန်ခဲ့ပြီး ကားမှန်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာသားတဦးက “ဥယျာဉ်ထဲ တလုံးကျတယ်၊ မပေါက်ဘူး။ ဆီအုန်းခြံမှာကျတော့ ၅ ပွိုင့်နဲ့ပစ်လို့ ကားတစီးထိတယ်။ ဆီအုန်းသီးတိုက်တဲ့ ကျောက်ကားပါ။ မှန်တွေပျက်စီးသွားတယ်၊ ကျွဲထိန်းကုန်းရွာထဲ တလုံးကျတယ်၊ အိမ် ၃ လုံး ထိတယ်၊ နှစ်ဆောင်က အစစဉ်တာလောက်ပဲ၊ ဥယျာဉ်ခြံထဲ တလုံးကျတယ်၊ မပေါက်ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ကျေးရွာထဲက ဥယျာဉ်ခြံမြေထဲကိုလည်း ဗုံးသီးတလုံးကျ‌ရောက်ခဲ့ပေမဲ့ မပေါက်ကွဲခဲ့ဘူးလို့ သိရပြီး ကျေးရွာထဲက အသက် ၃ နှစ်အရွယ် ကလေးတဦးနဲ့ အသက် ၂ဝ အရွယ် အမျိုးသားတဦးတို့မှာတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကလေးငယ်မှာက ကားကထွက်တဲ့ သံတို အစနဲ့ ခြစ်မိတာပါ။ အသက်၂ဝကျော်အရွယ်မှာက ဗုံးကနေ ကွဲထွက်တဲ့ အစနဲ့ နောက်ကျောမှာ ထိတာပါ။ နှစ်ယောက်လုံး ယောက်ျားလေး တွေပါ” လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

ဒီမတိုင်ခင် ဇွန် ၂၆ ရက် ည ၁၁ နာရီလောက်ကလည်း သကျက်‌ကျေးရွာအုပ်စုဘက်ကို ကင်းထောက်လေယာဉ်တစီး လာရောက်ပျံသန်းခဲ့ပြီးတော့ နောက်တရက် ဂျက်ဖိုက်တာနဲ့ ကျွဲထိန်းကုန်းရွာဘက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကော်တောရွာဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၃ ရက်ကလည်း တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်က ပြည်အေးရွာ၊ အင်းရှည်ကုန်းရွာ၊ သံတိုက်ရွာနဲ့ ခြောက်အိမ်စုတို့ဘက်မှာ MI-2 ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး အသက် ၂ဝ အရွယ် လူငယ်တဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်အဆောက်အအုံတလုံး ပျက်စီးခဲ့ပါသေးတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာက ရွာခံအမျိုးသား ၁ ဦးကို စစ်တပ်က ဇွန် ၂၇ ရက် မနက် ၅ နာရီဝန်းကျင်မှာ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထုံးကြီးကျေးရွာ ရွာခံတဦးက “မနက်အစောကြီး ဧရာဝတီမြစ်ထဲမှာ ရေမျောထင်းတွေ ဆယ်နေတဲ့ သူတို့လင်မယားကို မြစ်ထဲမှာ သံခွံမော်တော်နဲ့လာတဲ့ စစ်သားတွေက ဖမ်းပြီး ကိုစိုးအောင်ကို ပစ်သတ်လိုက်ကြတာပါ။ စစ်သားတွေက မုဒိမ်းကျင့်ဖို့ ကြံစည်နေတာကို သူ့အမျိုးသမီးက သိလို့ ရေထဲခုန်ချပြီး လွတ်သွားတယ်” လို့ ပြောပါတယ်။

အခုရက်ပိုင်း စဥ့်ကူးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကိုစိုးအောင်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်သွားတာလို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မေ ၂၁ ရက်ကလည်း စဥ့်ကူးနယ်က ရွှေပြည်ကျေးရွာမှာ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေးငယ် ၁ ဦးနဲ့ ဒေသခံ ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013