DVB Logo
Home
မြန်မာသတင်း
မဒေးကျွန်း နေအိမ် ၅၀၀ ကျော်ကို လျှပ်စစ်မီတာအိုး အခမဲ့ တပ်ပေးမည်
DVB
·
September 23, 2014
မဒေးကျွန်း နေအိမ်  ၅၀၀  ကျော်ကို လျှပ်စစ်မီတာအိုး အခမဲ့ တပ်ပေးမည်
Donate to DVB

ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့   China National Petroleum Cooperation (စီပီအန်စီ) ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီက ရွာသားတွေ တောင်းဆိုထားတဲ့ လျှပ်စစ်မီတာအိုးတွေ အခမဲ့တပ်ဆင်ပေးတော့မှာ ဖြစ်ပါတယ်။

[caption id="attachment_43880" align="alignright" width="300"]စီအန်ပီစီကုမ္ပဏီကို ပြီးခဲ့သည့်နှစ်က ဆန္ဒပြစဉ် စီအန်ပီစီကုမ္ပဏီကို ပြီးခဲ့သည့်နှစ်က ဆန္ဒပြစဉ်[/caption]

မဒေးကျွန်းဒေသ ခံတွေ တောင်းဆို ထားတဲ့ အချက်ပေါင်း ၅ ချက်ထဲက  လျှပ်စစ်မီတာအိုး အခမဲ့ တပ်ဆင်ပေးဖို့နဲ့ ရွာလမ်းကို ကွန်ကရစ် ခင်းပေးဖို့ ဆိုတဲ့အချက် ၂ ချက် ကို ဆောင်ရွက်ပေးမ ယ့် အကြောင်း တာဝန်ရှိသူတွေက တဆင့် အကြောင်းကြား ခဲ့တာ ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ် မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း အရာရှိတဦးက စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာ သူတို့ကို ခေါ်ယူ အကြောင်းကြားခဲ့တယ်လို့ မဒေးကျွန်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။

“လျှပ်စစ်မီတာအိုး တအိမ်တလုံး တပ်ဆင်ပေးဖို့ကိစ္စ သူတို့လည်း သဘောတူတယ်၊ ကွန်ကရက်လမ်းကိစ္စလည်း သူတို့လုပ်ပေးမယ်ဆိုတာ ကျနော့်ဆီ အတိအကျပြောလာတယ်။ မြန်မာ့ရေနံလုပ်ငန်း အထူးအရာရှိတယောက်ကနေ ကျနော့်ကို ခေါ်ပြောတယ်ပါတယ်ခင်ဗျ။  ခုလောလောဆယ် ကျောက်ဖြူမှာ လာထိုင်တဲ့ မြန်မာ့ရေနံက အရာရှိပါ။ ကျနော့်အနေနဲ့ ကျေနပ်ပါတယ်၊ သဘောကျပါတယ်။ ဘာလို့လဲဆို ကျနော်တို့က မရှိဆင်းရဲသားတွေအတွက် ရည်ရွယ်ပြီး လျှပ်စစ်မီတာအိုးကို တောင်းခံထားတာလေ။”

ကျောက်ဖြူမြို့နယ်ကနေ ရေလမ်းခရီး ၇ မိုင်လောက် ဝေးတဲ့ မဒေးကျွန်းဟာ သီးသန့် ကျွန်းစုလိုလည်း ဖြစ်နေတဲ့အတွက် စီးပွားရေးအချက်အချာ မရှိကြောင်း၊ တကယ်လို့ အိမ်တိုင်းစေ့ မီတာဘောက်စ် ရှိပြီး ၂၄ နာရီ မီးရမယ်ဆိုရင် တနိုင်တပိုင် အိမ်တွင်းမှု လုပ်ငန်းတွေပါ လုပ်ကိုင်နိုင်ကာ ကျွန်းနေပြည်သူတွေအတွက် စားဝတ်နေရေးပြေလည်လာမယ် လို့  မျှော်လင့်ကြောင်း သူက ဆက်ပြောပါတယ်။

စီအန်ပီစီကုမ္ပဏီက  ကွန်ကရစ်လမ်းကို   ရွာလယ်လမ်းမကြီးကနေ ဘုန်းတော်ကြီး ကျောင်းအထိ ခင်းပေးမယ်လို့လည်း   ဦးထွန်းကြည်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်  မြန်မာ့ရေနံနဲ့ သဘာဝလုပ်ငန်းဌာနကို မေးမြန်း ကြည့်ရာမှာ တာဝန်ကျအရာရှိတဦးက ခုလိုပြောကြားပါတယ်။

“တရုတ် စီအန်ပီစီကုမ္ပဏီက ကျနော်တို့ကို နှုတ်ကတိတော့ ပေးထားတယ်ပေါ့နော်။ အစည်းအဝေးမှာလည်း ဗျူရိုချိပ်ဖ်က ပြောထားတာရှိတယ်။ စာရွက်စာတမ်းနဲ့တော့ မရသေးဘူးပေါ့၊ ဖြစ်နိုင်ခြေရှိပါတယ်။ သူတို့ပြောပြီးသွားရင် လုပ်ပေးမှာပါ။ ခုလောလောဆယ် သူတို့ဆီက စကားပြန်တယောက်လည်း တရုတ်ပြည်ပြန်နေတယ်ပေါ့နော်။ သူတို့တောင်းထားတဲ့ ၅၀၀ ကျော်လုံးကို အပြည့်အ၀ရအောင် လုပ်ပေးမှာပါ။ မီတာဘောက်စ်ဖိုးက တလုံးကို ကျပ်ကိုးသောင်း၊ အိမ်ထိရောက်အောင် ကြိုးတွေဘာတွေ သွယ်ပေးရမယ်တိုတော့ တအိမ်ကို ၁ သိန်းပတ်ဝန်းကျင်လောက် ကျပါလိမ့်မယ်။”

မဒေးကျွန်းမှာ အိမ်ခြေစုစုပေါင်း ၆၀၀ ကျော် ရှိပြီး  ၁၀၀ ကျော်က  သူတို့ဘာသာ ကိုယ့်အားကိုယ်ကိုး တပ်ဆင်ပြီး ဖြစ်တဲ့အတွက် ကျန်တဲ့  အိမ်ခြေ ၅၀၀ ကျော်အတွက် တာဝန်ယူ တပ်ဆင်ပေးမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စီအန်ပီစီကုမ္ပဏီဟာ ရခိုင်ကမ်းလွန်ပင်လယ်ပြင်က သဘာဝဓာတ်ငွေ့တွေ တရုတ်ပြည်ကို တင်ပို့ဖို့ ပိုက်လိုင်းလာဆောက်တာမှာ ဒေသခံတွေဘက်က မြေယာနဲ့ အလုပ်အကိုင် ဆုံးရှုံးမှုကနေ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှုတွေ ရှိခဲ့တဲ့အတွက် မီးရရှိရေး၊ ရွာလမ်း ပြုပြင်ပေးရေး အပါအ၀င်  မြေယာလျော်ကြေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး နဲ့ ပျက်စီးမြေယာ ပြုပြင်ပေးရေးတွေ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တောင်းဆိုမှုတွေအတွက် ဆန္ဒပြခြင်း၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီပါ စာပို့ခဲ့ပြီး  စက်တင်ဘာ ၁ ရက်နေ့မှာတော့ ခရိုင်နဲ့ မြို့နယ် အာဏာပိုင်တွေက မဒေးကျွန်းကို  ရောက်လာကာ  ရွာသားတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013