Home
မြန်မာသတင်း
ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
DVB
·
June 26, 2024

ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့နယ်တို့မှာ ဇွန် ၂၆ ရက် ဒီကနေ့မနက်က ၃၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ ရန်ကုန်-ပုသိမ် လမ်းဘေး ကုန်တင်ယာဉ်ရပ်နားဝင်းအတွင်းမှာ ဒီကနေ့မနက်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ဒေါ်လာ ၈၇ သန်းနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ရန်ကုန်တခုတည်းမိတဲ့ ပစ္စည်း​တွေကို မီးရှို့တာမဟုတ်ဘူး။ တခြားပြည်နယ်နဲ့တိုင်းက ပစ္စည်းတွေလည်းပါတယ်။ တိုင်း ၃ တိုင်း၊ ပြည်နယ် ၄ ခုနဲ့ အမြန်လမ်းက ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့တာ။  မန္တလေးမှာလည်းလုပ်တယ်။”

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ မွန်၊ ကရင်၊ ရခိုင်၊ တနင်္သာရီတိုင်းနဲ့ အမြန်လမ်းပေါ်မှာ မူးယစ်ဆေးဝါး ၂၆ မျိုးနဲ့ ဓာတုပစ္စည်း ၁၁ မျိုး စုစုပေါင်း တန်ဖိုး မြန်မာငွေကျပ် ၂၈၉ ဒသမ ၃၄၅ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈၉ သန်းကျော် တို့ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကို စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရဲချုပ် ဒု-ဗိုလ်ချုပ်ကြီးနီလင်းအောင်၊ ဗိုလ်ချုပ်ဇော်ဟိန်းနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေအပြင် ကျောင်းသားကျောင်းသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မန္တလေးမှာလည်း ဒီနေ့မနက်က ချမ်းမြသာစည်မြို့နယ် လေယာဥ်ကွင်းဟောင်းမှာ မြန်မာငွေ ကျပ် ၄၁၈ ဒသမ ၀၄၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးနဲ့ ထိန်းချုပ်ဓာတုပစ္စည်း ၄၁ မျိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အလားတူ တောင်ကြီးမြို့မှာလည်း မြန်မာငွေကျပ် ၄၅၆ ဒသမ ၂၅၃၃၄ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း‌တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ထိုင်း၊ မြန်မာနဲ့ လာအို ၃ နိုင်ငံဆုံတဲ့ ရွှေတြိဂံဒေသဟာ ကမ္ဘာမှာ တရားမဝင် မူးယစ်ဆေးဝါးတွေ မှောင်ခိုရောင်းဝယ်တဲ့ အဓိကနေရာဖြစ်ပြီး မူးယစ်ဆေးဝါးတွေကို စက်တွေနဲ့ ပမာဏအများအပြား ထုတ်လုပ်နေတဲ့နေရာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024