DVB Logo
Home
မြန်မာသတင်း
တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေး
DVB
·
September 23, 2014
တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေး
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ ဒုတိယနေ့မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးကြတယ်လို့ ဆွေးနွေးပွဲတက်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ နိုင်ဟံသာဦးဆောင်တဲ့ တပြည်လုံးအပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ ဒုတိယနေ့ ဆွေးနွေးကြတာပါ။

[caption id="attachment_65792" align="alignright" width="300"]ဒုတိယနေ့ ဆွေးနွေးပွဲ (ဓာတ်ပုံ - ညိုအုန်းမြင့်) ဒုတိယနေ့ ဆွေးနွေးပွဲ (ဓာတ်ပုံ - ညိုအုန်းမြင့်)[/caption]

ဒီဆွေးနွေးပွဲတက်တဲ့ ဦးညိုအုန်းမြင့်က “ဒီကနေ့ကတော့ နဂိုကတည်းက သတ်မှတ်ထားတဲ့အတိုင်း တပ်ပိုင်းဆိုင်ရာကိစ္စတွေ ကို ဆွေးနွေးပါတယ်။ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးတဲ့အခါမှာ အပစ်အခတ်ရပ်စဲ ထားတဲ့ဒေသတွေကို ကျနော်တို့ တတိယအကြိမ် မူကြမ်းကတည်း က ဆွေးနွေးတဲ့ဟာကို ဒီကနေ့ အတည်ပြုဆွေးနွေးကြပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့ ဆွေးနွေးပွဲအစနေ့တုန်းက  စစ်သည်တွေ လိုက်နာရမယ့်ကျင့်ဝတ်နဲ့ ပူးတွဲစောင့်ကြည့်ရေးကိစ္စတွေကို ဆွေးနွေးဖို့ တိုင်းရင်းသားတွေဘက်က တင်ပြခဲ့ပါတယ်။

ဒီအပေါ် အစိုးရကိုယ်စားလှယ်အဖွဲ့က ဒီအချက်တွေကြောင့် တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးမှာ တစ်ဆို့နိုင်တယ်လို့ ပြန်ဆွေးနွေးခဲ့ပြီး တပြည်လုံးအပစ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့အခါကျမှသာ ဒီကိစ္စတွေ ဆွေးနွေးဖို့ အစိုးရကိုယ်စားလှယ်ဘက်က တုံ့ပြန်ခဲ့တယ်လို့ တိုင်းရင်းသားတွေရဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

ဒါကြောင့် တပ်တည်နေရာကိစ္စတွေကို ဒီကနေ့ဆွေးနွေးပါသလားလို့ ဒီဗွီဘီက မေးမြန်းရာမှာ ဦးညိုအုန်းမြင့်က အခုလိုရှင်းပြပါတယ်။

“အဓိကကတော့ တပ်ပိုင်းဆိုင်ရာဆိုတာ တိုင်းရင်းသားတွေဘက်က ဆွေးနွေးချင်တဲ့အချက်ကတော့ အပစ်အခတ်ရပ်စဲထားတဲ့ နယ်မြေကိစ္စကိုဆွေးနွေးပါတယ်။ ဒါပေမယ့် တချို့အချက်တွေက technical ပိုင်းနဲ့ တချို့အချက်တွေက နိုင်ငံရေးပိုင်းမှာ ရောယှက်နေတာ တွေ့ရပါတယ်။ အဲဒီတော့ အဓိက ကျနော်တို့ တပ်မတော်နဲ့ နိုင်ငံတော်ဘက်ကနေ ဆွေးနွေးချင်တဲ့အပိုင်းကတော့ single text ထဲမှာ ပါတဲ့ အချက်အလက်တွေကိုပေါ့နော် တခုစီဆောင်ရွက်သွားပြီးတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက်ကို တချို့အချက်တွေမှာ ခုနပြောတဲ့ တစ်ဆို့မှုတို့၊ နားလည်မှုလွဲမှုတို့၊ စကားလုံးတဖက်နဲ့တဖက် ညှိနှိုင်းမှုတို့လိုဟာတွေမျိုး၊ တချို့အချက်တွေကို technical ပိုင်း ဆွေးနွေးမယ့်အပိုင်းကို technical ပိုင်းထဲကို ထည့်မယ်။ နိုင်ငံရေးအရ သဘောတူရင်ဆိုတဲ့အပိုင်းကို နိုင်ငံရေးအရ သဘောတူရင်ဆိုတဲ့အပေါ်မှာ မူတည်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။

“လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ရဲ့ လိုလားချက်၊ သူတို့ရဲ့ နယ်မြေသတ်မှတ်မှု၊ သူတို့ရဲ့ တည်ရှိပုံတွေကို မြေပုံနဲ့တကွ ဆွေးနွေးဖို့ လိုအပ်တဲ့အတွက် တပ်မတော်ပိုင်းက ဒါကို technical ပိုင်းမှာ ဆွေးနွေးချင်ပါတယ်။ ဒီနေရာမှာ တထိုင်တည်းပြတ်ဖို့ထက်စာရင် တချို့ဟာတွေကို အပစ်အခတ်ရပ်စဲပြီးတဲ့အခါမှာ ဆွေးနွေးပေးမယ်လို့ တပ်မတော်ဘက်ကနေ တင်ပြထားတာ တွေ့ရပါတယ်။”

အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီကို ဦးအောင်မင်းက ဦးဆောင်သလို တပ်မတော်က ကိုင်စွဲတဲ့မူတွေအတွက် ဆွေးနွေးဖို့ တပ်မတော် ဗိုလ်ချုပ်ကြီး ၄ ဦးလည်း ဒီဆွေးနွေးပွဲ တက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အန်စီစီတီကို နိုင်ဟံသာက ဦးဆောင်ပြီး ဒီတခေါက် ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ အကြီးအကဲတချို့လည်း တက်ရောက်ပါတယ်။

ဒီတကြိမ်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ကျင်းပဖို့ ရည်ရွယ်ပြီး ကျန်ရှိတဲ့ အချက် ၅ ချက်ကို ညှိနှိုင်းကြဖို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013