
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အနောက်မြောက်ဘက်မှာ စစ်အာဏာရှင်တပ်က ရွာတရွာကို စစ်မှုထမ်း ၅ ယောက်စီ တောင်းခံရာကနေ သဘောထားကွဲလွဲပြီး ပြည်သူ့စစ်အချင်းချင်း မတ် ၁၉ ရက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ရွှေဘို-ညောင်ပင်သာ လမ်းဘေးမှာရှိတဲ့ ပရံ၊ ညောင်ပင်သာ၊ လိပ်ချင်း၊ ဇီးဖြူကုန်း၊ သီးလုံး၊ ခွန်တောင်ကြီး (ခေါ်) ခဒေါင်းကြီး၊ ဇီးကုန်းလေး၊ မြင်းချင်းနဲ့ သပြေသာရွာတွေကို ပရံကျေးရွာမှာ ရှိတဲ့ စစ်တပ်က အထိုင်စခန်းကနေ ထိန်းချုပ်ထားတာပါ။
အဲဒီစခန်းကနေ ရွှေဘိုတပ်နယ်ရဲ့ ညွှန်ကြားချက်နဲ့ တရွာကို စစ်မှုထမ်း ၅ ယောက်စီပေးဖို့ တောင်းခံ တဲ့အခါမှာ ပရံရွာနဲ့ ခွန်တောင်ကြီးရွာတို့ကြား အချင်းများခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ပရံရွာက စစ်သား၊ ရဲနဲ့ ပြည်သူ့စစ်တွေဟာ ခွန်တောင်ကြီးရွာကို သွားရောက်တောင်းခံချိန်မှာ ခွန်တောင်ကြီးစခန်းက စစ်အာဏာရှင် တပ်သားတွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်က မပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာကြောင့် အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က "ပရံရွာမှာရှိတဲ့ စစ်ဗိုလ်က ရာထူးကြီးပုံရတယ်။ ညောင်ပင်သာ လမ်းဘေးက ရွာတွေကို ပရံရွာက ထိန်းချုပ်ထားတာ။ လူခေါ်တာက အခုမှမဟုတ်ဘူး၊ ခဏခဏခေါ်တာ။ မနှစ်က လည်းခေါ်၊ အရင်နှစ်ကလည်း ခေါ်တယ်။ ဒီနှစ်တော့ ခဒေါင်းကြီးရွာက မပေးလို့ စကားများပြီး ပစ်ခတ်မှုအထိ ဖြစ်သွားတာပါ။ အစက ပစ်ခတ်သံကြားလို့ စစ်ကြောင်းလာတယ် ထင်တာ၊ ပြီးမှ သူတို့ အချင်းချင်းပစ်တာလို့ ကြားရတယ်။ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး" လို့ ပြောပါတယ်။
အဲဒီ ရွှေဘို-ညောင်ပင်သာ လမ်းဘေးက ကျေးရွာတွေကို စစ်တပ်က ၂၀၂၂ ခုနှစ်ကတည်းက အခုချိန် အထိ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ စစ်မှုထမ်းဖို့ ခေါ်ယူတဲ့အပြင် မြို့နဲ့ ကျေးရွာလုံခြုံရေးအတွက် တရွာကို လူ ၅ ယောက် ကင်းစောင့်ဖို့ အတင်းအကျပ် ခြိမ်းခြောက်ခေါ်ယူမှုတွေ ရှိခဲ့ပါတယ်။
ဒါကြောင့်လည်း ဒေသခံပြည်သူတွေနဲ့ လူငယ်အများစုဟာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတာ ၄ နှစ်ကနေ ၅ နှစ်ဝန်းကျင်လောက်အထိ ရှိနေပြီဖြစ်ပါတယ်။










