DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲ နိုင်ငံရေးအကျပ်အတည်းတခုကို ထပ်မံဖန်တီးခြင်းဖြစ်ဟု သုံးသပ်
DVB
·
June 26, 2024
စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲ နိုင်ငံရေးအကျပ်အတည်းတခုကို ထပ်မံဖန်တီးခြင်းဖြစ်ဟု သုံးသပ်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတာဟာ  နိုင်ငံမှာ နောက်ထပ် စစ်ရေး နိုင်ငံရေးအကျပ်အတည်းတခုကို ထပ်မံဖန်တီးလိုက်တာလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးအသိုက်အဝန်းက ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေးအကျပ်အတည်းတွေအားလုံးကို ကျော်လွှားနိုင်ဖို့ စစ်ကောင်စီက ရွေးကောက်ပွဲတခုကို မဖြစ်မနေကျင်းပပြီး အဲဒီက ပေါ်ထွက်လာတဲ့အစိုးရဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာရဲ့ အသိမှတ်ပြုမှုကို ရယူနိုင်ဖို့ ကြိုးစားလာတာလို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုပါတယ်။

အခုလိုကြိုးစားဆောင်ရွက်လာတာဟာ ခေတ်အဆက်ဆက်က စစ်ခေါင်းဆောင်တွေ ကျင့်သုံးခဲ့တဲ့ နည်းစနစ်ဖြစ်ပေမဲ့ ဒီနေ့ဒီအချိန်မှာတော့ ဒီနည်းလမ်းဟာ အောင်မြင်နိုင်ခြေ မရှိတော့ဘဲ အဲဒီရွေးကောက်ပွဲကြောင့် ပြည်တွင်းဆူပူမှုတွေ အကြမ်းဖက်မှုတွေနဲ့ ပြည်သူတွေ သွေးမြေကျမှုတွေဟာ အခုထက်ပိုများလာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

တမ္ပဒီပအင်စတီကျု မူဝါဒလေ့လာရေးအဖွဲ့  ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက “တော်လှန်ရေးအင်အားစုတွေကို ၆၀ ရာခိုင်နှုန်းနီးပါး နယ်မြေသိမ်းပိုက်ထားတယ်။ တချို့မြို့နယ်တွေမှာလည်း မတည်မငြိမ်ဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲလုပ်လို့ ရမှာမဟုတ်ဘူး။ ရွေးကောက်ပွဲမဲရုံထောင်ရင်လည်း လူတွေက လာရဲမှာမဟုတ်ဘူး။ ဘယ်နှမြို့နယ်မှာ လုပ်နိုင်မှာလဲ။ လူတွေကို ဘယ်လိုစည်းရုံးပြီး မဲထည့်ခိုင်းမှာလဲ။ အဲဒီမှာကို အတော်အခက်ခဲရှိနေတယ်။ အသေအပျောက်တွေလည်း ရှိနိုင်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ကြိုးစားနေတဲ့ ရွေးကောက်ပွဲစနစ်ဟာ အချိုးကျ ကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်ဖြစ်ပြီး ဒီစနစ်ဟာ တနိုင်ငံလုံးအနှံ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ မလိုအပ်ဘဲ လွှတ်တော်အတွင်း လိုအပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ရအောင် စစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါ်တွေကနေ ကျင်းပလို့ရတဲ့ စနစ်တခုကို ပုံဖော်ဖို့ စစ်တပ်က ကြိုးစားနေတာလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့သူတွေက ပြောပါတယ်။

အခုလိုမျိုး ရွေးကောက်ပွဲတခုကို အတင်းအကျပ်လုပ်ပြီး အရင်အာဏာသိမ်းတဲ့ အချိန်တွေတုန်းကလို နိုင်ငံရေးစနစ်တခု ပြောင်းလိုက်ရင် နိုင်ငံတကာအနေရဲ့ ထောက်ခံမှု ရှိလာနိုင်တယ်လို့ စဉ်းစားလုပ်ဆောင်ချက်ဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေထက် ပိုဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံလာနိုင်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိတဦးက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတဦးက “ရွေးကောက်ပွဲစနစ်ကြီးတခုလုံးကို ပြောင်းလဲဖို့ ကြိုးစားနေတာသည် ရေရှည်မှာ ဒီမိုကရေစီနိုင်ငံကို သွားဖို့အတွက် ခြေခံမြေခံကောင်းတခုဖြစ်အောင် တည်ဆောက်နေတာ မဟုတ်ဘူး။ အဲဒီလိုမျိုး ဖြစ်တဲ့အတွက် ဘာဖြစ်နိုင်လဲဆိုရင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက နယ်မြေထိန်းချုပ်ထားမှုသည် အတိုင်းအတာတခုထိရသွားကြပြီ။ အဲဒီလိုမျိုး ဖြစ်သွားတဲ့အချိန်မှာ နိုင်ငံတကာကနေ ဖိအားနဲ့ ဗဟိုက ထိန်းချုပ်တဲ့ ရွေးကောက်ပွဲစနစ်တခုကို တွန်းအားပေးတယ်ဆိုရင် ဒီနိုင်ငံရဲ့ မငြိမ်းချမ်းမှုကို ပိုပြီးတွန်းပို့ရာရောက်တယ်။ ဖြစ်လာဖို့ မရမက ကြိုးစားရင်လည်း အကောင်းထက် အဆိုးပဲ ပိုဖြစ်လာလိမ့်မယ်။ လက်ရှိ တိုက်နေကြတဲ့ တော်လှန်ရေးက ရွေးကောက်ပွဲတခု ဖြစ်လာလို့ အရှိန်လျော့ကျသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်ကျင်းပမယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိအချိန်ထိတော့ စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲစနစ်နဲ့ပတ်သတ်လို့ နိုင်ငံရေးပါတီတွေကို တရားဝင်အသိပေးပြောဆိုထားတာ မရှိသေးပါဘူး။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013