DVB Logo
Home
မြန်မာသတင်း
တန့်ဆည်သံဃာများ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ရာတွင် ပူးပေါင်းပါဝင်လာ
DVB
·
June 25, 2024
တန့်ဆည်သံဃာများ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ရာတွင် ပူးပေါင်းပါဝင်လာ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်နယ်က သံဃာတွေဟာ ဇွန် ၂၅ ရက်ကစတင်ပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံ(သပိတ်မှောက်ကံ) ပြုရာမှာ ပူးပေါင်းပါဝင်လာကြပါတယ်။ 

ချောင်းဦးနဲ့ ဒီပဲယင်းမြို့နယ်တို့မှ သံဃာတော်တွေက ဇွန် ၂၄ ရက်နေ့မှာ စစ်ကောင်စီအပေါ် ပတ္တနိက္ကုဇ္ဇနကံပြုပြီး စတင်သပိတ်မှောက်ခဲ့ကြတာပါ။ 

ဇွန် ၁၉ ရက်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် အရှင်မုနိန္ဒာဘိဝံသကို မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို မကျေနပ်ကြတာကြောင့် စစ်ကိုင်းတိုင်းထဲက ရဟန်းသံဃာတွေက သပိတ်မှောက်ကြောင်း ကြေညာခဲ့ကြတာဖြစ်ပါတယ်။

တန့်ဆည်နယ်ခံရဟန်းတပါးဖြစ်တဲ့ အရှင်တေဇာနန္ဒက "အရင်ကလည်း သံဃာတွေကို သတ်ဖြတ်ပြီးမှ PDF တွေကို လွှဲချတဲ့ဟာတွေရှိနေတယ်၊ အခုဆရာတော်ကြီး ကိစ္စကတော့ သက်သေ သက္ကာယတွေနဲ့ မငြင်းနိုင်တဲ့အခြေအနေ ဖြစ်လာတာပေါ့။ ထင်ထင်ရှားရှားဖြစ်လာပြီ။ ဘာသာ သာသနာကို ထိပါးနှောင့်ယှက်စော်ကားလာတဲ့အတွက် စစ်ကောင်စီဟာ ပတ္တနိက္ကုဇ္ဇနကံ ပြုထိုက်တဲ့ အင်္ဂါတွေနဲ့ ညီညွတ်နေတဲ့အတွက် တန့်ဆည်မြို့နယ် သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံ သပိတ်မှောက်ကံ ဆောင်လိုက်ခြင်းဖြစ်ပါတယ်" လို့ မိန့်ပါတယ်။

သံဃာကို ဆဲရေးတိုင်းထွာခြင်း၊ သံဃာကို ညှဉ်းဆဲခြင်း၊ သံဃာကိုလာဘ်မရအောင်ပြုခြင်း၊ သံဃာကိုနေရာမရအောင်ပြုခြင်း၊ သံဃာကိုသတ်ဖြတ်ခြင်း စတဲ့အချက်တွေအပါအဝင် မြတ်စွာဘုရားဟောကြားခဲ့တဲ့ သပိတ်မှောက်ကံပြုထိုက်တဲ့ အချက်တိုင်းလိုလိုကို စစ်ကောင်စီက ကျူးလွန်ခဲ့တာကြောင့် စစ်ကိုင်းဒေသတွင်းသံဃာတွေက သပိတ်မှောက်ကံကို ပြုခဲ့ကြတာလို့ အရှင်တေဇာနန္ဒက မိန့်ပါတယ်။

“ပတ္တနိက္ကုဇ္ဇနကံ ဆိုတာက သက်ရောက်မှုက အကြီးကြီးပါ။ သံဃာတစုတဖွဲ့က တဦးတယောက်ကို သပိတ်မှောက်ကံပြုလိုက်ပြီလို့ သိလိုက်တာနဲ့ ဦးဇင်းတို့သာသနာထဲမှာရှိတဲ့ ရဟန်းသံဃာအားလုံးက လိုက်နာကြရပါတယ်။ မလိုက်နာဘူးဆိုရင် အပြစ်သင့်တာဖြစ်ပါတယ်။ ဒီဆရာတော်တွေက သပိတ်ပြန်မလှန်မချင်း ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေရဲ့အလှူကိုမခံရပါဘူး။ တကယ်လို့ အလှူခံတယ်ဆိုရင် ပတ္တနိက္ကုဇ္ဇနကံ ပြုထားတဲ့အတွက် ကံသင့်ပြီးတော့ အာပတ်သင့်တာဖြစ်ပါတယ်။ ရွှေဝါရောင်ရဲ့ ဒုတိယလှိုင်းအနေနဲ့ အကြီးအကျယ် ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေဟာ တကယ်ဖြစ်လာနိုင်ပါတယ်” လို့ အရှင်တေဇာနန္ဒက ရှင်းလင်းပါတယ်

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီအထိ ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံ ၁၈၇ ခုအထိ ပျက်စီးခဲ့တယ်လို့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။ အဲ့ဒီထဲက အများစုဟာ စစ်ကိုင်း၊ မကွေး၊ ချင်းဒေသမှာ အဆိုးရွားဆုံးတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဘာသာရေးအဆောက်အအုံပေါင်း ၇၁ ခုအထိပျက်စီးခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သူတို့ကျူးလွန်တာမဟုတ်ဘဲ PDF တွေက ကျူးလွန်တာလို့ အပြစ်လွှဲချခဲ့ပေမဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အမှုမှာတော့ ဖုံးကွယ်လို့မရခဲ့ဘဲ ကျူးလွန်ကြောင်း အထောက်အထားတွေပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013