DVB Logo
Home
မြန်မာသတင်း
ကရင်နီ လူမှုသိပ္ပံ​ကောလိပ်က အသက်မွေး၀မ်းကျောင်းသင်တန်းအတွက် ၀င်ခွင့်ခေါ်ယူ
DVB
·
June 25, 2024
ကရင်နီ လူမှုသိပ္ပံ​ကောလိပ်က အသက်မွေး၀မ်းကျောင်းသင်တန်းအတွက် ၀င်ခွင့်ခေါ်ယူ
1 / 6
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်တနေရာမှာရှိတဲ့ ကရင်နီလူမှုသိပ္ပံ​ကောလိပ် (Karenni College of Social Sciences and Humanities) ရဲ့ အသက်မွေးဝမ်းကျောင်း သင်တန်း အပတ်စဥ်-၄ ကို တက်ရောက်လိုသူတွေ လျှောက်ထားဖို့ ၀င်ခွင့်ခေါ်ယူနေပြီဖြစ်ပါတယ်။

၃ လကြာတက်ရမယ့် အဆိုပါသင်တန်းမှာ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ မိခင်ဘာသာစကား (ကယား၊ ကယန်း၊ ကယော၊ မနုမနော (ကော်ယော်) စာပေ)၊ သဘာဝစိုက်ပျိုးရေး၊ သင်ယူမှုစွမ်းရည်၊ လုပ်ငန်းကျွမ်းကျင်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ Active Citizenship ဘာသာရပ်တွေကို မသင်မနေရ သင်ကြားရမှာဖြစ်ပြီး အခြေခံစက်ပြင် အတတ်ပညာ (ဆိုင်ကယ်)၊ အခြေခံစက်ချုပ် အတတ်ပညာ၊ ရက်ကန်းအတတ်ပညာ၊ ဆံပင်ညှပ်အတတ်ပညာ၊ အခြေခံလျှပ်စစ်ကျွမ်းကျင် အတတ်ပညာတို့ကိုတော့ မိမိစိတ်ကြိုက်ရွေးချယ်သင်ယူနိုင်မှာ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်း သင်တန်း အပတ်စဥ် ၃ ဆင်း သင်တန်းသူတဦးက “ဒီသင်တန်းမှာ အများကြီး သင်ယူခဲ့ရတယ်။ ညီမတို့က တိုင်းရင်းသားဆိုပေမဲ့ ကိုယ့်မိခင်ဘာသာစကားကို ပြောတတ်တယ်။ ဒါပေမဲ့ မရေးတတ်ဘူး။ ဒီသင်တန်းပြီးသွားတော့ ကရင်နီစာပေကို ရေးတတ်လာတယ်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာကို အခြေခံတတ်သွားတယ်။ နောက်ပြီး အသက်မွေး၀မ်းကျောင်းမှာ ညီမက ရက်ကန်းဘာသာယူတာပေါ့နော်။ အဲ့ဒါကိုလည်း တတ်မြောက်ခဲ့တယ်။ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနဲ့ အထွေထွေဗဟုသုတတွေ အများကြီး သင်ယူခဲ့ရတယ်။ အရေးကြီး အရေးပါတဲ့ ဘာသာရပ်တွေကိုပဲ ဒီကျောင်းကဆရာ/မတွေက စနစ်တကျသင်ကြားပေးတဲ့ အချိန်နဲ့သင်ကြားရတာဖြစ်တော့ အချိန်ရဲ့တန်ဖိုးကိုလည်း နားလည်ခဲ့တယ်”လို့  DVB ကိုပြောပါတယ်။

သင်တန်းလျှောက်လွှာတွေကို ကရင်နီပြည်နယ်တွင်းက နွေဦးဂုရုလေးများ ရုံးခွဲတွေ၊ ကရင်နီလူမှုသိပ္ပံကောလိပ်နဲ့ အွန်လိုင်းပေါ်မှ လျှောက်ထားလိုသူတွေအတွက် Google Form link ကို Karenni College of Social Sciences and Humanities)ရဲ့ လူမှုကွန်ရက်မှာ ထုတ်ယူနိုင်ပါ တယ်။

ကျောင်းအုပ် မခင်စန္ဒာညွန့်က “ဒီမှာဆိုရင် အထူးပြုဘာသာရပ်တွေရှိတယ်။ မဖြစ်မနေ သင်ယူရမယ့် ဘာသာရပ်တွေရှိတယ်။ မဖြစ်မနေ သိသင့်သိထိုက်တဲ့ အထွေထွေ ဗဟုသုတတွေကိုလည်း အပြင်က ဆရာတွေနဲ့ အပတ်စဉ်သင်ကြားပေးတာ ရှိတယ်။ သင်တန်းဆင်းပြီးသွားရင် သူတို့သင်ယူလက်စပညာရေးတွေ နောက်ထပ်ဖွင့်လှစ်မယ့် အဆင့်မြင့်ပညာရေးအစီအစဉ်တွေမှာ ကျောင်းပြန်တက်ကြတာ ရှိတယ်။ တချို့ကျတော့လည်း သူတို့ ကျွမ်းကျင်ရာနယ်ပယ်တွေ ကျန်းမာရေးတို့ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေမှာ ပါ၀င်ကြတယ်။ တချို့လည်း ကျောင်းမှာအလုပ်ပြန်၀င်ကြတယ်"လို့ ပြောပါတယ်။

သင်တန်းကို ဇူလိုင် ၂၇ ရက် မှ အောက်တိုဘာ ၃၁ ရက်အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး အသက် ၁၅ မှ ၂၃ နှစ် အတွင်းလူငယ်တွေ၊ အသက်မွေးဝမ်းကျောင်းအတွက် အမှန်တကယ် လိုအပ်နေသူတွေ၊ စစ်ရှောင်နေသူတွေနဲ့ အတန်းပညာရေးကို ဆက်လက်မတက်ရောက်နိုင်သူတွေကို ဦးစားပေးခေါ်ယူမှာဖြစ်ပြီး ရွေးချယ်ခံရသူတွေက သင်တန်းကာလ ၃ လ ပြီးဆုံးတဲ့အထိ တက်ရောက်နိုင်ရမယ်လို့ ဆိုပါတယ်။

ကရင်နီလူမှုသိပ္ပံ​ကောလိပ်ကို ၂၀၂၂ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်က စတင်တည်ထောင်နိုင်ခဲ့ပြီး စဖွင့်စက ဆယ်ကျဲဖူး (လူငယ်ပညာရေးအစီအစဉ်) ၃ လသင်တန်းအနေနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်ထဲမှာ အပတ်စဉ် ၄ ခုအထိ ပြီးမြောက်ခဲ့ကာ ၂၀၂၃ ကနေစတင်ပြီး လူငယ်အသက်မွေး၀မ်းကျောင်းပညာရေးသင်တန်းကို တိုးချဲ့ဖွင့်လှစ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013