DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ‌လူလတ်တန်းစား ၅၀ ရာခိုင်နှုန်းကျဆင်း၊ ၁၃ သန်းကျော် စားနပ်ရိက္ခာမလုံလောက်
DVB
·
June 25, 2024
မြန်မာတွင် ‌လူလတ်တန်းစား ၅၀ ရာခိုင်နှုန်းကျဆင်း၊ ၁၃ သန်းကျော် စားနပ်ရိက္ခာမလုံလောက်
Donate to DVB

မြန်မာနိုင်ငံမှာ  စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေရှိမှုဟာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က ထုတ်ပြန်ပါတယ်။

ဇွန် ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း၊ ခန့်မှန်းခြေ လူ ၄၂ သန်းကတော့ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရတာ၊ ဒါမှမဟုတ် ဆင်းရဲမွဲတေမှု အန္တရာယ်နဲ့  နီးစပ်နေတဲ့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းကတော့ စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာလည်း မြန်မာနိုင်ငံဟာ အမေ့အပျောက်ခံ အကျပ်အတည်းတခုအဖြစ် ရှိနေသေးသလို ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂကတဆင့် ဖွံ့ဖြိုးရေး အကူအညီ ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရပြီး တချိန်တည်းမှာပဲ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်တွေဟာလည်း ရန်ပုံငွေမလုံလောက်ဘဲ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆမတန်ကြီးထွားလာနေတဲ့ လိုအပ်ချက်ကို တုံ့ပြန်ဖို့က စိန်ခေါ်မှုဖြစ်ပေမဲ့ UNDP အနေနဲ့ လူပေါင်း ၂ သန်းကျော်ကို ရောက်ရှိကူညီခဲ့ပြီးဖြစ်သလို လာမယ့် ၂၀၂၅ ခုနှစ်ကုန်မှာ လူပေါင်း ၈ သန်း​အထိ ရောက်ရှိကူညီနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ရပ်တန့်လာပြီး ဆင်းရဲမွဲတေမှု ပိုမိုဆိုးရွားလာတယ်လို့ ကမ္ဘာ့ဘဏ်က အခုလထဲမှာတင် ထုတ်ပြန်ထားပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ မြန်မာ့စီးပွားရေး ဦးမော့လာပြီလို့ အခုနှစ် အစောပိုင်းတုန်းက ပြောထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ကမောက်ကမ ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာ၊ လုပ်သားရှားပါးမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေကြောင့် စီးပွားရေးလုပ်ဖို့လည်း ပိုမိုခက်ခဲလာတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ လာမယ့် ၂၀၂၅ နှစ်၊ မတ်လအထိ တနှစ်တာကာလ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးဟာ ၁ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက ခန့်မှန်းခဲ့တဲ့ ၂ ရာခိုင်နှုန်းအောက် လျော့နည်းနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

UNDP ကတော့ မြန်မာနိုင်ငံရဲ့  ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ “လုပ်အားအတွက် ငွေသားပေးအပ် ထောက်ပံ့ခြင်း” အစီအစဉ်တွေအပြင် လယ်ယာကဏ္ဍမြှင့်တင်ခြင်းကနေ ဒေသခံတောင်သူလယ်သမားတွေအတွက် အ ထောက်အပံ့ပေးတာ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအထိ  လတ်တလောလို အပ်ချက်တွေကို ဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013