DVB Logo
Home
ဆောင်းပါး
ထူးခြားမှုတွေစုနေတဲ့ တော်လှန်ရေးတပ်ခွဲ (သတင်းဆောင်းပါး)
DVB
·
June 25, 2024
ထူးခြားမှုတွေစုနေတဲ့ တော်လှန်ရေးတပ်ခွဲ (သတင်းဆောင်းပါး)
Donate to DVB

၂၀၂၁ လက်နက်ကိုင်တော်လှန်ရေးကနေ ထွက်ပေါ်လာတဲ့ ထူးထူးခြားခြား တပ်ခွဲလေးတခွဲဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှာ ရှိလို့နေပါတယ်။

ကယန်းအမျိုးသားလူငယ်များ ကက်သလစ်ဘာသာဝင်တွေချည်း သီးသန့်ဖြစ်နေတာကလည်း အဲဒီတပ်ခွဲလေးရဲ့ ထူးခြားချက်ထဲက တခုအပါအဝင်ဖြစ်ပြီး ဒါကို တမင်ဖန်တီးလုပ်ယူထားတာ မဟုတ်ပါဘူးလို့ စစ်မြေပြင်မှာ တွေ့စဉ်က အဲဒီတပ်ခွဲရုံး အဖွဲ့ဝင်တွေက ပြောပြကြပါတယ်။

“အကုန်လုံးက စံပြ ၆ မိုင် ရွာသားတွေချည်းပဲ၊ အာဏာသိမ်းတော့ ရွာကလူငယ်တွေ တော်လှန်ရေးလုပ်မယ်ဆိုပြီး ထွက်ကြတာ၊ ပထမဆုံး တူမီးတွေနဲ့ပေါ့၊ အဲ့ကနေ တပ်ခွဲတခွဲအထိ ဖြစ်လာတာ၊ တပ်ခွဲတခွဲလုံးက စံပြ ၆ မိုင် ရွာသားတွေချည်းပဲ” လို့ အဆိုပါတပ်ခွဲက ရဲဘော်က ပြောပါတယ်။

အဲဒီတပ်ခွဲကတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် ၉ တပ်ရင်းရဲ့ တပ်ခွဲ ၁ ပဲ ဖြစ်ပါတယ်။

“ဒီတပ်ခွဲက ထူးခြားတာရှိတယ်၊ အဲဒါကတော့ လက်နက်အကုန်လုံးနီးပါး ၁၀ လက်ဆို ၈ လက်လောက်က တပ်ခွဲက ရဲဘော်တွေရဲ့ မိဘတွေက ဝယ်ပေးကြတာ။ သူတို့မှာ သားလည်းပေးရတယ်၊ သားအတွက် သေနတ်လည်း ဆင်ပေးရတယ်၊ ကျည်ကာတွေလည်း ဝယ်ပေးကြရတယ်၊ နောက်ဆုံး အခုသုံးနေတဲ့ ကားပေါ့၊ အဲဒါဆိုရင်လည်း ရွာက ရပ်မိရပ်ဖတွေက ငှားပေးထားတာ၊ ခဏခဏတော့ ပျက်တာပေါ့” လို့ ​တပ်ခွဲက ရုံးနဲ့ ထောက်ပို့အဖွဲ့ဝင် ရဲဘော်အမျိုးသမီးတဦးက ဆိုပါတယ်။

တပ်ခွဲ ၁ ကို KNDF ဖွဲ့စည်းပြီး သိပ်မကြာခင်ကာလ ၂၀၂၁ ခုနှစ်ထဲမှာပဲ ဖွဲ့စည်းခဲ့ပြီးတော့ လွိုင်ကော်မြို့အရှေ့ခြမ်း စံပြ ၆ မိုင်ရွာ ပတ်ဝန်းကျင်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ရေးလှုပ်ရှားမှုကို ပြုလုပ်နေကြတာပါ။

ဆေး၊ ဆက်သွယ်ရေး၊ ရုံးအဖွဲ့၊ ထောက်ပို့ စတဲ့ တပ်အင်္ဂါရပ်တွေနဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်ခွဲ ၁ ဟာ တိုက်ပွဲတွေမှာ တိုက်ရည်ခိုက်ရည်ကောင်းလို့ နာမည်ကြီးပေမဲ့ စစ်အသုံးစရိတ်သုံးငွေနဲ့ အလှူငွေ မမျှတလို့ တလ တလ ခေါင်းကိုက်ရတယ်လို့ တပ်ခွဲရုံးအုပ်က ပြောပြပါတယ်။

“များသောအားဖြင့် ဒီမှာ ကားအသုံးစရိတ်၊ စားစရိတ် အားလုံးဆို တလတလ ၈၀/၉၀ ထွက်တယ်၊ အလှူငွေဆိုတာကလည်း ကျနော်တို့ ၆ မိုင်ရွာကနေ နိုင်ငံခြားတွေကို ထွက်ပြီး အလုပ်လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေက ကူညီပေးတဲ့ သိန်း ၂၀ ဝန်းကျင်ပဲရှိတယ်။ အဲ့တော့ မမျှတဘူး ပြောရမယ်ပေါ့။ လက်နက်ခဲယမ်းတွေကို ရဲဘော်ရဲ့ မိသားစုက ထောက်ပံ့နေတာကြောင့် တော်သေးတယ်” လို့ သူက ရီရီမောမော ပြောပြပါတယ်။

တပ်ခွဲ ၁ မှာ ပြဿနာရယ်လို့ ကြီးကြီးမားမား ဖြစ်ပွားတာမျိုးမရှိဘဲ တပ်စိတ်မှူး၊ တပ်စုမှူး၊ ဒုခွဲမှူး၊ တပ်ခွဲမှူး အဆင့်နဲ့တင် ပြီးသွားကြတယ်လို့ တပ်ခွဲရဲဘော်တွေက ပြောပြပြီး ရှေ့တန်းကို သွားရောက်တဲ့ အခါမှာလည်း လိုက်ချင်သူ များပြားတာကြောင့် အတင်းထားခဲ့ရတာမျိုးတွေပါ ရှိတယ်လို့ သိရပါတယ်။

အဆိုပါတပ်ခွဲမှာ စိတ်ပြင်းပြလွန်းတဲ့ စံပြ ၆ မိုင်ကျေးရွာက အသက် ၁၇ နှစ်အရွယ် ရဲဘော်တွေပါရှိပြီး သူတို့ကိုတော့ နောက်တန်း စားဖို၊ ရုံးတာဝန်တွေပဲ ပေးအပ်ထားပြီး လေ့ကျင့်မှုပြည့်ဝပြီး အသက်ပြည့်တော့မှပဲ တပ်ခွဲရှေ့တန်းတာဝန်တွေ ပေးအပ်မှာဖြစ်တယ်လို့ တပ်ခွဲရုံး အဖွဲ့ဝင်တဦးက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှာ ဗျူဟာ ၈ အထိ ရှိလာခဲ့ပြီဖြစ်ပြီး စစ်ရေးတာဝန်တွေကို ကရင်နီတပ်မတော်၊ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး စတဲ့ ဒေသတွင်း မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး စစ်ရေးအရ အောင်မြင်မှုတွေ အများကြီး ရရှိထားတာလည်း ဖြစ်ပါတယ်။

ဂနိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013