DVB Logo
Home
မြန်မာသတင်း
ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှု စစ်ခေါင်းဆောင် တောင်းပန်
DVB
·
June 24, 2024
ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှု စစ်ခေါင်းဆောင် တောင်းပန်
Donate to DVB

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး ဦးစီးပဓာနနာယကဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူသွားတာနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းပန်လိုက်ပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ဇွန် ၂၄ ရက်က ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို သွားရောက်ပြီး ဆရာတော်ကြီးတွေအား တွေ့ဆုံကာ စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ တောင်းပန် လျှောက်ထားလွှာကို ပြည်ထောင်စုဝန်ကြီး ဦးတင်လွင်ကို ဖတ်ကြားခဲ့တာပါ။

တောင်းပန်လျှောက်ထားလွှာမှာ ဆရာတော်ပျံလွန်တော်မူသွားတဲ့အပေါ် များစွာဝမ်းနည်းကြေကွဲပါကြောင်း၊ ဆရာတော် စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ သာသနာရေးနဲ့ သက်ဆိုင်တဲ့ အမှတ်အသားတွေ မပါရှိဘဲ အရှိန်ပြင်းစွာမောင်းနှင်လာတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးအရစစ်ဆေးဖို့၊ မှန်ချမောင်းနှင်ဖို့နဲ့ ရပ်တန့်ဖို့ တားဆီးဆောင်ရွက်ခဲ့ကြပေမဲ့ ဆက်လက်မောင်းနှင်သွားတဲ့အတွက် ပစ်ခတ်ခဲ့ရာ ဆရာတော်ကြီးကို ထိမှန်ပြီး ပျံလွန်တော်မူသွားကြောင်း ဝမ်းနည်းဖွယ် သိရှိရတယ်လို့ ဆိုပါတယ်။ 

''ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ဘုရား ပရိယတ္တိသာသနာတွင် တန်ဘိုးရှိ ထင်ရှားကျော်ကြားလှသော သံဃာတော်အရှင်သူမြတ်တစ်ပါးဖြစ်သည့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့်အတွက် တပည့်တော်တို့အနေဖြင့် များစွာ ဝမ်းနည်ကြေကွဲရသည့်အပြင် ယခုဖြစ်စဉ်အတွက်လည်း အလေးအနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားလိုပါသည်ဘုရား။ တပည့်တော်တို့အနေဖြင့် ဆရာ၊ ဒါယကာလက်တွဲ ညီညာစွာဖြင့် သာသနာအကျိုးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရိုသေလေးမြတ်စွာလျှောက်ထားတင်ပြအပ်သည် ဆရာတော် သံဃာတော်အရှင်သူမြတ်ကြီးတို့ဘုရား၊ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု'' ဟု စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ လျှောက်ထားချက်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထပ်ဆင့် လျှောက်ထားခဲ့ပါတယ်။

အဆိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး ဖော်ထုတ်ဆောင်ရွက်နေကြောင်း၊  ရရှိတဲ့ အချက်တွေပေါ်မူတည်ပြီး ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်ရဲ့ လျှောက်ထားလွှာမှာ ဖော်ပြထားပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုးဝန်ကြီးရဲ့ လျှောက်ထားမှုကို ဆရာတော်ကြီးတပါးက အခုလျှောက်ထားတာကို သိရှိရပြီဖြစ်ကြောင်း၊ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာမဖြစ်နိုင်ကြောင်း ပြန်လည်မိန့်ကြားခဲ့ပါတယ်။

စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ကျောင်းတိုက်ကို ဇွန် ၂၂ ရက်နေ့မှာ သီတဂူဆရာတော် သွားရောက်ခဲ့ပြီး သည်းခံခွင့်လွှတ်ကြဖို့၊ ဒီအမှုကို ပျောက်ပျက်အောင် နှလုံးသွင်းကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။  

သီတဂူဆရာတော်ရဲ့ ပြောဆိုချက်ဟာ သံဃာ့ဂုဏ်၊ ရဟန်းကျင့်ဝတ်တွေနဲ့မညီညွတ်ဘူးလို့ ရွှေဝါရောင်ဆရာတော်တွေက ထောက်ပြခဲ့သလို ပြည်သူတွေကြား ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသဟာ မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ ဇွန် ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013