DVB Logo
Home
မြန်မာသတင်း
NCA အပစ်ရပ် ၇ ဖွဲ့နှင့်  UNA အဖွဲ့ဝင်ပါတီများ တွေ့ဆုံမည်
DVB
·
June 24, 2024
NCA အပစ်ရပ် ၇ ဖွဲ့နှင့်  UNA အဖွဲ့ဝင်ပါတီများ တွေ့ဆုံမည်
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) အဖွဲ့ဝင်နိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF) တို့ ဇွန် ၂၇ ရက်မှာ ပထမဆုံးအကြိမ်တွေ့ဆုံကြဖို့ ရှိပါတယ်။

NCA အပစ်ရပ် ၇ ဖွဲ့အနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေး အကျပ်အတည်းတွေကို ကျော်လွန်နိုင်မယ့် နည်းလမ်းတွေအတွက် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ အပါအဝင် ဘယ်အဖွဲ့အစည်းမဆို တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တာကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ NCA  အပစ်ရပ်လက်မှတ်ထိုး ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က DVB ကိုပြောပါတယ်။

“PRCF နဲ့ ကျနော်တို့တွေ့တယ်ဆိုတာကလည်းပဲ ကျနော်တို့ တနိုင်ငံလုံးကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် သူတို့ဘက်က စဉ်းစားချက်တွေ အကြံဉာဏ်တွေက ရှိကြမှာပဲဆိုတော့ မတွေ့တာထက်စာရင် တွေ့ဆုံပြီးတော့ အကြံဉာဏ်အမြင်ဖလှယ်တာတို့ လုပ်ခြင်းကသာလျှင် အမှတ်တကယ်လိုအပ်နေတဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို တဆင့်ပြီးတဆင့် အခက်ခဲအမျိုးမျိုးကြားက လုပ်နိုင်တဲ့ အတိုင်းအတာ တခုအနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။”

အပစ်ရပ်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် ၇ ဖွဲ့အနေနဲ့ အခု PRCF နဲ့တွေ့ဆုံမှုတင်မဟုတ်ဘဲ လက်ရှိနိုင်ငံရဲ့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ပါဝင်သင့် ပါဝင်ထိုက်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားမှု ရှိတယ်လို့ ဆိုပါတယ်။

UNA အဖွဲ့ဝင် နိုင်ငံရေးပါတီတွေဘက်ကလည်း အခုလို တွေ့ဆုံမှုရှိတယ်ဆိုတာကို အတည်ပြုပေမဲ့ဘာအကြောင်းအရာတွေ ဆွေးနွေးကြမလဲဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ NCA စာချုပ်ပါအတိုင်း ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်အဖွဲ့တွေအားလုံး ပါတဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဇွန် ၈ ရက် စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ နဲ့ ၂၀ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။ 

စစ်ကောင်စီရဲ့ ပါတီဖျက်သိမ်းခြင်းခံထားရတဲ့ လူထု ထောက်ခံမှုရှိနေတဲ့ နိုင်ငံရေးပါတီတွေကို တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေတဲ့ NCA လက်နက်ကိုင် ၇ ဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ငန်းစဉ်တွေကို နိုင်ငံရေးနည်းအရ အထောက်အကူပြုနိုင်ရေးအတွက်ကြိုးစားနေတဲ့ အင်အားစုတွေဖြစ်ပြီး ရွေးကောက်ပွဲမပါဝင်တော့တဲ့သူတွေကို ပါဝင်လာအောင် စည်းရုံးဖို့အတွက် အခုလို တွေ့ဆုံတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေအတွက် ထူးခြားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်မယ့် တွေ့ဆုံမှုမဟုတ်ဘူးလို့လည်း သုံးသပ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်တပ်က သဘောတူလို့ သွားတွေ့ကြတာ နေမှာပါ။ သူတို့ဘာသာ သူတို့သွားတာတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ စစ်တပ်ရဲ့ သဘောထားကလည်း သူတို့ ရွေးကောက်ပွဲမှာ အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေးအတွက် အခုအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ SNLD တို့ ဘာတို့ဆိုတာ ဆိုတော့ အဲဒီအဖွဲ့အစည်းတွေ ရွေးကောက်ပွဲမှာ ပါဝင်လာဖို့အတွက် စစ်တပ်အလိုအကျ စည်းရုံးဆွဲဆောင်တယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် အဲဒီတွေ့ဆုံမှုကနေ ထူးခြားတဲ့ ရလဒ်တွေ ရလာလိမ့်မယ်လို့ ကျနော်တော့ မမျှော်လင့်ပါဘူး”လို့ ပြောပါတယ်။

ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီဟာ ပြီးခဲ့တဲ့  ၇၇ နှစ်မြောက်ပြည်ထောင်စုနေ့မှာ ဗမာပြည်နယ်အပါအဝင် ၈ ပြည်နယ်မူကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထုတ်ပြန်ခဲ့တဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မိတ်ဖွဲ့ပါတီ စုစုပေါင်း ၁၂ ပါတီနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013