DVB Logo
Home
Lead Story
ကိုယ့်လယ်မှာ ကိုယ်နေရမယ်ဆိုရင် လမ်းဘေးပလက်ဖောင်းပေါ်မရောက်ပါဘူး
DVB
·
September 23, 2014
ကိုယ့်လယ်မှာ ကိုယ်နေရမယ်ဆိုရင် လမ်းဘေးပလက်ဖောင်းပေါ်မရောက်ပါဘူး
Donate to DVB

“မအေမွေးကတည်းက လယ်ပဲလုပ်တာ၊  အခုလိုလည်း သိမ်းလည်းသိမ်းလိုက်ရော ခြေပစ်လက်ပစ် ဖြစ်သွားရော ဘာမှလုပ်မစားတတ်ဘူး။ ဒီလိုပဲ ရှိတာလေးတွေ ရောင်းရက်စား၊ ကလေးတွေလည်း ကျောင်းမထားနိုင်၊ လူတွေမှာ အထွေထွေ အကုန် ဒုက္ခရောက်ပါတယ်သားရယ်။ တချိန်တုန်းကဆိုလို့ရှိရင် ဒေါ်ကြီးတို့ လယ်လုပ်နေလို့ရှိရင် ဦးစီးတယောက်တည်း လုပ်ကျွေး၊ မိသားစု ၈ ယောက် ဘယ်လိုပဲ လုပ်စားစား စားလို့ရတယ်။ အခု မိသားစု အစုံလုပ်တာတောင်မှ မနည်း နပ်မှန်အောင် ရုန်းကန်နေရတယ်။ ဒုက္ခရောက် တာတော့ ပြောမနေပါနဲ့တော့ အော်အော်ပြီးတော့ တောင်ငိုချင်တယ်။”

ဘိုးဘွားပိုင်လယ်မြေ ၁၂ ဧက သိမ်းခံရပြီး ကလေး ၆ ယောက်နဲ့ ဘ၀ကို ရုန်းကန်လှုပ်၇ှားနေရတဲ့ အသက် ၆၀ နှစ်လောက်အရွယ် လယ်သူမကြီး ဒေါ်မြင့်မြင့်ကြည် ပြောသွားတာပါ။

farmerသူတို့ မိသားစုပိုင်လယ်မြေတွေဟာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲက အတွင်းပဒံလို့ခေါ်တဲ့ ကျေးရွာမှာ ရှိခဲ့တာဖြစ်ပြီး နအဖစစ်အစိုးရလက်ထက် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဆောက်လုပ်ရေးကုမ္ပဏီကြီးတခုက အာဏာပိုင်တွေနဲ့ပေါင်းပြီး သိမ်းယူခဲ့တာပါ။

ပြီးခဲ့တဲ့ စစ်အာဏာရှင် အစိုးရအဆက်ဆက်လက်ထက် မြန်မာပြည်အနံတလျားမှာ ဒေသအနှံ့ အစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ အစိုးရဌာဆိုင်ရာတွေ၊ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမားကြီးငယ်တွေက စီမံကိန်း အမည်အမျိုးမျိုးခေါင်းစဉ်တတ်လို့ သိမ်းယူခဲ့ကြတာလည်း ဖြစ်ပါတယ်။

အတွင်းပဒံကျေးရွာကပဲ လယ်မြေ ၁၀ ဧက သိမ်းယူခံခဲ့ရတဲ့ အသက် ၇၀ နီးပါးအရွယ်  မုဆိုးမ လယ်သူမကြီး ဒေါ်တင်နွဲ့က ၉၇-၉၈ ခုနှစ်တွေလောက်က သူတို့ လယ်သိမ်းခံရစဉ်က အဖြစ်အပျက်ကို ခုလို ပြန်ပြောင်းပြောပြပါတယ်။

“ဘယ်လိုမှမပြောပါဘူးကွယ်၊။ ကုမ္ပဏီကားကြီးတွေ ရထားတွဲကြီးလို ပစ္စည်းတွေ ကွန်တိန်နာ ပုံးကြီးတွေ လယ်ထဲကိုချတယ်။ ချပြီးတော့ နောက်နေ့လဲကျရော အလံတွေစိုက်တာပဲ၊ ၀ါဝါ၀င်းဆိုပြီးတော့ စိုက်ပြီးပြီဆိုတာနဲ့ သူတို့လမ်းဖော်တာပဲ၊  မိုးတွင်းဘက်လည်းကျရော ငါတို့က ပြန်လုပ်ခွင့် လုပ်ချင်တယ်လို့ဆိုရော လယ်ထဲကို အဆင်းမခံတော့ဘူး။ ကိုယ်လည်း ဟိုခေတ်တုန်းကတော့ မပြောရဲ၊ မလုပ်ရဲဘူးလေ ကြောက်တော့ အဲလိုပဲ နေလိုက်ကြတာပေါ့။”

လယ်သိမ်းခံရလို့ မိသားစုဘ၀ကို ခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရပုံကိုလည်း အဘွားအို  ဒေါ်တင်နွဲ့က ခုလိုပြောပါတယ်။

“ထွန်တုံးတို့၊ ထွန်တံတို့၊ နွားတို့ ကျန်ခဲ့တာပေါ့။ သုံးနှစ်လောက် ရောင်းပြီး စားလိုက်တာ ဘာလုပ်ရမှန်းမသိတော့ လယ်လုပ်နေတဲ့သူက လယ်သိမ်းသွားတော့ ဟိုဟာလေး ခူးရောင်း၊ ဒီဟာလေးခူးရောင်း သားအမိတတွေ နောက်တော့ရှိတဲ့ဟာလေး ရောင်းချပြီး ဆိုက်ကားလေးဝယ်ပြီး သားက ဆိုက်ကားနင်းတယ်၊ သမီးလေးက အရွယ်မရောက်သေးတော့ သားအမိနှစ်ယောက် ဈေးရောင်းပေါ့။ သားက အိမ်ထောင်ကျသွားတော့ သမီးလေးက အလုပ်ဆင်းပြီး သားအမိနှစ်ယောက် ခေါင်းရွက်ဗျပ်ထိုးဈေးလေး ရောင်းစားနေရတာ။ အမေကြီးတို့ဘ၀က ရင်နာလွန်းလို့ ငါတို့လယ်ရှိတုန်းက ဘ၀မျိုးနဲ့ ခုဘ၀မျိုးနဲ့ မတူဘူး၊ ငါတို့နေရတာက သေသွားတာနဲ့ ဘာမှမထူးဘူး။”

ဒီလယ်သူမကြီးတွေ ပြောပြခဲ့သလို ဒီရွာကျေးရွာတွေမှာ လယ်သိမ်းခံရသူတွေအများစုဟာ လယ်ပိုင်မြေပိုင် ဘ၀ကနေ မြေမဲ့ယာမဲ့ ဘ၀ကို ရောက်ခဲ့ကြရပြီး ကြုံရာကျပန်းလုပ်ကိုင်ရင်း ဘ၀ကို ဆင်းရဲပင်ပန်းစွာ လုပ်ကိုင် စားသောက်နေကြရတာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် လယ်သိမ်းခံရသူတွေရဲ့ ဒုတိယမျိုးဆက်တွေဟာ ဒီဒဏ်ကို အလူးအလဲခံနေကြရပြီး သားသမီးသမီးတွေထဲက တချို့ဆိုရင်  အသက်မပြည့်သေးလို့ ဆွေးမျိုးညီအစ်ကိုမောင်နှမတွေဆီက မှတ်ပုံတင်ငှားတွေ ငှားရမ်းပြီး  လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်နဲ့ မွေရေခွံအိပ်စက်ရုံ စတဲ့ စက်ရုံတွေမှ  သွားရောက် အလုပ်လုပ်ကိုင်ရင်း မိသားစု ၀မ်းစာအတွက် ကူညီဖြေရှင်းပေးနေရတာပါ။

အတွင်းပဒံ ကျေးရွာအုပ်စု  ကျွန်းကလေးကျေးရွာက အသက် ၄၅ နှစ်အရွယ် လယ်သမား ဦးပေါက်ကတော့ သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေဧက ၂၃ ဧက သိမ်းခံခဲ့ရပြီး ထိုစဉ်က အသက် ၇၀ အရွယ် ဖခင်ဖြစ်သူဟာလည်း လယ်သိမ်းခံရပြီးနောက် မကြာခင်နှစ်တွေ အတွင်းမှာပဲ စိတ်ဒဏ်ရာနဲ့ ကွယ်လွန်သွားခဲ့ရတာပါ။

မိဘအမွေအနှစ် လယ်မြေတွေ သိမ်းခံရတဲ့အတွက် သူတို့ရဲ့ လက်ထက်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးထိခိုက်ခဲ့ရပေမယ့် ခုချိန်မှာတော့ အရက်ဆိုင်ဖွင့် အသက်မွေးဝမ်းကြောင်းရင်း သားတွေသမီးတွေအတွက် သူ့ရဲ့ မျှော်လင့်ချက်ကို  ဦးပေါက်က ခုလိုပြောပါတယ်။

“နောက်သားသမီးတွေတော့ လယ်မလုပ်ရအောင် ပညာထူးချွန်တဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်နိုင်တဲ့ သူမျိုးဖြစ်အောင် ကျနော်တို့က ကြိုးစားပြီးထားချင်တယ်။ ကျနော်တို့ သားသမီးတွေ လယ်မလုပ်ရဘဲနဲ့ ဘောပင်ကိုင်နိုင်တဲ့အဆင့်မျိုး ထားချင်တယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ပေါ့။”

ဒီအတွင်းပဒံကျေးရွာမှာပဲ မူလတန်းကျောင်းအုပ်လုပ်ခဲ့ဖူးတဲ့ ဒေါ်ခင်မြင့်ဝေကတော့ မဆလ၊ န၀တ စစ်အစိုးရလက်ထက် သူကြုံတွေ့ခဲ့ရတဲ့ ဒီရွာက လယ်သမားတွေရဲ့ ဘ၀အခြေအနေနဲ့ ပတ်သက်ပြီး ခုလိုပြောပြပါတယ်။

“ရှင်းရှင်းပြောရရင် လယ်သမားတွေဟာ မဆလခေတ်ကမှ ကောင်းကောင်းနေခဲ့ရသေးတယ်၊ သူတို့ကို သီးစားပေးရတာက ပေးရတာပဲ၊ နိုင်ငံတော်ကို ရောင်းရတာတွေ ဘာတွေရှိခဲ့ပေမယ့် ပိုလျှံတဲ့စပါးကို ကိုယ့်ဟာကိုယ် အကုန်လုံးပြည့်ဝစွာ သုံးရတဲ့အတွက် တော်တော်လေးကို အဆင်ပြေသေးတယ်။ ခေတ်နောက်ပြန်ဆွဲပြီး ပြောတာမဟုတ်ဘူး။ အခုအချိန်မှာကျတော့ အားလုံးဒုက္ခရောက်တာ။”

ဆရာမဟောင်း ဒေါ်ခင်မြင့်ဝေပြောသလို ဆင်းရဲ ဒုက္ခအတိခံနေရတဲ့ လယ်သမားတွေက ရန်ကုန်မှာတင်မက ပြည်နယ်တိုင်းဒေသအနှံ့ တောရောမြို့ပါမကျန်ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာပါ။

ပြည်ထောင်စုလွှတ်တော်ရဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအရတော့  မြန်မာပြည်တ၀န်းမှာ သိမ်းဆည်းခံရတဲ့ မြေဧကပေါင်းက ၅ သိန်း ၁ သောင်းကျော် လောက်ရှိတယ်လို့ ဆိုပါတယ်။

လယ်မြေသိမ်းခံရတဲ့ မူလပိုင်ရှင်လယ်သမားတွေကတော့ လယ်မြေတွေပြန်ရရေးနဲ့ နစ်နာဆုံးရှုံးခဲ့ရမှုတွေအတွက် လျော်ကြေးပြန်ပေးဖို့ နေပူမရှောင် မိုးရွာမရှောင် ဆန္ဒပြတောင်းဆိုတာတွေ၊ ထွန်တုန်းတိုက်ပွဲ ဆင်နွှဲ တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ဒီလိုဆန္ဒပြတောင်းဆိုသူတွေဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ချိုးဖောက်မှု ပုဒ်မ ၁၈၊ ကိုယ့်မြေကိုယ့်ယာမှာ ပြန်လည်ဝင်ရောက်နေထိုင် စိုက်ပျိုးကြရာမှာလည်း  မြေပြန်မရတဲ့အပြင် ပိုင်နက် နယ်မြေကျူးကျော်မှုတွေနဲ့ တရားစွဲခံရတဲ့အဖြစ်မျီုး တွေလည်း ရှိခဲ့တာပါ။

လယ်ယာမြေသိမ်းခံရသူတွေဘက်က ရပ်တည်ကူညီဆောင်ရွက်ပေးခဲ့လို့ အကြိမ်ကြိမ် ထောင်ချခံရတဲ့  တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုကတော့  “တကယ်တော့ ၀ါဝါ၀င်းကုမ္ပဏီနဲ့ ပဒံလယ်သမားတွေရဲ့ ကြားထဲက ပဋိပက္ခသက်သက်မဟုတ်ပါဘူး။ နိုင်ငံတော် စီမံကိန်းလို့ အကြောင်းပြပြီးတော့ မြေသိမ်းထားတဲ့ ခရိုနီတွေနဲ့ လယ်သိမ်းခံရတဲ့ လယ်သမားတွေရဲ့ ကြားထဲက ပဋိပက္ခပါ” လို့ ထောင်မကျခင်က ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။

မြန်မာပြည်ရဲ့ လူများစုကြီးလည်းဖြစ် ထမင်းရှင်လည်းဖြစ်တဲ့  တောင်သူလယ်သမားတွေဟာ အရင်က စပါးပေါ်ချိန်၊ ငွေပေါ်ချိန်ဆိုရင် အလှူအတန်းလက်နက်မကွာ ရှိခဲ့ကြဖူးပေမယ့် ခုဆိုရင်တော့  အလှူအတန်းလုပ်ဖို့ ဝေးစွ  ရန်ကုန်မြို့ရဲ့ လမ်းဘေးပလက်ဖောင်းဘေးတနေရာမှာ  နေစရာမဲ့ဘ၀ကို ရောက်လို့ နေကြရပါပြီ။

“ကိုယ့်လယ်လေးနဲ့ကိုယ်နေရမယ်ဆိုရင် ဒီဘ၀မျိုးလမ်းဘေး ပလက်ဖောင်းပေါ်မရောက်ဘူးလို့ စိတ်ထဲမှာ ခံစားရတာပေါ့နော်၊ အခုတော့သိမ်းဆည်းသွားတဲ့အတွက် ဒို့ရဲ့ဘ၀လေးဟာ လမ်းဘေးပလက်ဖောင်းပေါ်မှာ နေပြီးတော့ ခံစားရတာတော့ တော်တော်ကြီးကို  ၀မ်းနည်းတာပေါ့” လို့ လယ်သူမကြီး ဒေါ်မြင့်မြင့်ကြည်က ၀မ်းနည်းစိတ်မကောင်းစွာနဲ့ ပြောသွားပါတယ်။

လက်ရှိသမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ လက်ထက်မှာတော့ အသုံးမပြုတဲ့ လယ်မြေတွေကို မူလပိုင်ရှင်ကို  ပြန်ပေးဖို့နဲ့ လယ်ယာမြေသိမ်းခံရသူတွေရဲ့ ပြဿ  နာကို စတင်ကိုင်တွယ်ဖြေရှင်း ပေးမှုတွေကတော့ ရှိနေပါပြီ။

တချို့ ဒေသတွေမှာ လယ်သမားတွေ လယ်မြေတွေပြန်ရတာရှိနေပေမယ့် ပြန်မရသေးတဲ့ လယ်သမားတွေကလည်း အများအပြားကျန်ရှိနေလို့ နည်းမျိုးစုံနဲ့ တောင်းဆိုတိုက်ပွဲနေကြဆဲပါ။

တကယ်တမ်းတော့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေအတွက် လယ်နဲ့ လျော်ကြေးတွေ ပြန်ရမယ်ဆိုရင်တောင် ဒီလယ်မြေအဓမ္မသိမ်းမှုတွေနဲ့ ဆက်နွှယ်ပြီး  ဆုံးရှုံးသွားတဲ့ အသက်တွေ ပျက်သုဉ်းသွားခဲ့ရတဲ့ ဘ၀တွေ အတွက်တော့  ဘယ်အရာနဲ့မှ ပြန်လည် အစားထိုးနိုင်တော့မှာ မဟုတ်ကြောင်းပါ။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013