DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်မှုကြောင့် ပျံလွန်သွားသည့် ဝင်းနိမ္မိတာရုံဆရာတော်၏ အန္တိမအဂ္ဂိစျာပန ဇွန် ၂၇ ရက် ကျင်းပမည်
DVB
·
June 22, 2024
စစ်တပ်ပစ်ခတ်မှုကြောင့် ပျံလွန်သွားသည့် ဝင်းနိမ္မိတာရုံဆရာတော်၏ အန္တိမအဂ္ဂိစျာပန ဇွန် ၂၇ ရက် ကျင်းပမည်
Donate to DVB

စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူသွားတဲ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်က နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့ဝင်ဟောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ အန္တိမအဂ္ဂိစျာပနကို ဇွန် ၂၇ ရက်နေ့ ကျင်းပဖို့ ရှိပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ စာချဆရာတော်တပါးက “ရန်ကုန်ကျိုက္ကလော့ ပရိယတ္တိစာသင်တိုက်က ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ၊ စစ်ကိုင်းမဟာသုဗော ဓာရုံကျောင်းတိုက်က ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ ရန်ကုန်မဟာဝိသုဒ္ဓါ ရုံတိုက်သစ်က ဘဒ္ဒန္တသိရိန္ဒာဘိဝံသ တိပိဋကဓရ ယောဆရာတော်ကြီးတို့က ဇွန် ၂၄ ရက်နေ့ ကစတင်ပြီး ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိဈာပနပူဇာ အထူးဓမ္မသဘင်မှာ တရားဟောကြားမှာဖြစ်ပါတယ်။ နောက်ရက် ၂၇ ရက်မှ ဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကို ကျင်းပပြုလုပ်ဖို့ စီစဥ်ထားပါတယ်။ တခြားကိစ္စတွေတော့ ဘာမှမဖြေချင်သေးပါဘူး ဒကာရယ်”လို့ ဒီဗွီဘီကို မိန့်ကြားပါတယ်။

ဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိဇာပနပြုလုပ်မယ့်ရက် မတိုင်ခင်မှာ ဝင်းနိမ္ဗိတာရုံ ကျောင်းတိုက်အတွင်းက သဒ္ဒဗ္ဗဒီပကဓမ္မာရုံသိမ်တော်ကြီးမှာ ဇွန် ၂၄ ရက်က စတင်ပြီး အထူးဓမ္မသဘင်ကို ၃ ညတိုင်တိုင် ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ နောက်ဆုံး အန္တိမအဂ္ဂိစျာပနပွဲကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စျာပနအခမ်းအနားရဲ့ အသေးစိတ်လုပ်ငန်းတွေအတွက်ကတော့ တိုင်ပင်ကြတုန်းဘဲရှိပါသေးတယ်လို့  ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ ကပ္ပိယကာရကတဦးက DVB က ပြောပြပါတယ်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနဲ့ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ ၂ ပါးဟာ ဇွန် ၁၉ ရက်က မန္တလေး ရွှေကျင်နိကာယ ဗဟိုဌာန အစည်းအဝေးတက်ဖို့သွားရောက်ပြီး ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွားရောက်စဥ် စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဆရာတော် ပျံလွန်ခဲ့တာပါ။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်၊ ပဓာနနာယက၊ ကျမ်းပြုဆရာတော်လည်းဖြစ်တဲ့ အရှင်မုနိန္ဒာဘိဝံသဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ ရှိပြီ ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိစျာပန အထူးဓမ္မသဘင်မှာ ရွှေကျင်သာသနာပိုင် ဆရာတော်တပါးဖြစ်တဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရ ပါ၀င်တာမတွေ့ရသလို ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်ခတ်ခံရလို့  ပျံလွန်တော်မူတာနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော် မိန့်ကြားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013