DVB Logo
Home
မြန်မာသတင်း
“ဖောကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ်”၊ “စစ်ဗိုလ် စစ်သားတွေ၊ ရက်စက်လှချည်လား”- မျက်မြင်သက်သေ ဆရာတော်မိန့်ကြား
DVB
·
June 21, 2024
“ဖောကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ်”၊ “စစ်ဗိုလ် စစ်သားတွေ၊ ရက်စက်လှချည်လား”- မျက်မြင်သက်သေ ဆရာတော်မိန့်ကြား
Donate to DVB

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့တာဟာ ဖောကားပေါ်ကနေ စစ်ဗိုလ် စစ်သားတွေ သေနတ်နဲ့ ဝိုင်းပစ်လို့ ဖြစ်တယ်လို့ အပစ်ခံရတဲ့ ကားပေါ်မှာ လိုက်ပါလာတဲ့ပြီး ဒဏ်ရာရခဲ့တဲ့  မျက်မြင်သက်သေ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘန္ဒန္တဂုဏိကာဘိဝံသက မိန့်ကြားလိုက်ပါတယ်။ 

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနဲ့ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ ၂ ပါးဟာ ဇွန် ၁၉ ရက်က မန္တလေး ရွှေကျင်နိကာယ ဗဟိုဌာန အစည်းအဝေး အကြိုညှိနှိုင်း ‌ဆောင်ရွက်ဖို့ ရန်ကုန်မြို့မှ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာရာ ကံသုံးဆင့်ဆရာတော် ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွားရောက်စဥ် စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဆရာတော် ပျံလွန်ခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘန္ဒန္တဂုဏိကာဘိဝံသက “ဖောကားနဲ့တွေ့ပါတယ်။ ဖောကားပေါ် ဘယ်သူပါလဲဆိုတာ တပည့်တော်တို့ မသိပါဘူး။ တပည့်တော်တို့ ကားဆရာကနေ ဖောကားကို ဘေးချပြီးတော့ အတင်းမောင်းတာပါပဲဘုရား။ အဲဒီလို အတင်းမောင်းတဲ့အခါ ဖောကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ်ဘုရား။ ကားမှာ ၇ ချက် ၈ ချက်လောက်မှန်ပါတယ်ဘုရား။ အဲဒီလိုပစ်တဲ့အခါမှာ ဘုရားတပည့်တော်လည်း မှန်မှန်းမသိ၊ သူ့လည်း မှန်မှန်းမသိ။ ဘုရားတပည့်တော်က တခါးဖွင့်ပြီးတော့ အပြင်ဘက်ထွက်လိုက်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ကန်းတွေ သွေးတွေအလိမ်းလိမ်း အကပ်ကပ်ဖြစ်နေပါတယ်။ အဲဒီလို သွေးတွေ အလိမ်းလိမ်း အကပ်ကပ်ဖြစ်တဲ့အခါ ဘုရားတပည့်တော်က ကားထဲကြည့်လိုက်တဲ့အခါ အရှင်ဘုရားတို့ရဲ့ ညီတော် နောင်တော်  ဒါယကာ ဒါယိကာမတို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ဟာ ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူး ဘုရား။ ဝိုင်းပြီးတော့ ဖောကားပေါ်ကနေ ပစ်လိုက်တာ ၇ ချက်၊ ၈ ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိကာရုံဆရာတော်ကတော့ တဘဝတခန္ဓာရုပ်သိမ်းသွားပါတယ်ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းရယ်၊ ကားရဲ့မှန်စထိပါတယ်ဘုရား”လို့မိန့်ပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ  ပစ်ခတ်သူတွေက ဝန်ခံခဲ့တယ်လို့လည်း  ဆရာတော် ဘန္ဒန္တဂုဏိကာဘိဝံသက ဇွန် ၂၀ ရက် မနေ့မနက်ပိုင်းက ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာ ဆရာတော် သံဃာတော်တွေနဲ့ ပြည်သူတွေကို ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။ 

“တပည့်တော် အပြင်ဘက်ရောက်တဲ့အခါ 'ခင်ဗျားတို့ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက်ရက်စက်ရသလား' လို့ ဖောကားပေါ်မှာပါတဲ့၊ ရှင်းရှင်းပြောရရင် 'စစ်ဗိုလ် စစ်သားတွေ၊ ရက်စက်လှချည်လား' ဆိုတော့  'အရှင်ဘုရားတို့က ဘုန်းကြီးမှန်းမသိလို့ပါ' တဲ့၊ 'ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားထင်လို့ ပစ်ပါတယ်ဘုရား' တဲ့၊ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်။ အဲ့သလို ဝင်းနိမ္မိကာရုံဆရာတော်က ကားထဲမှာ၊ ဘုရားတပည့်တော်က အပြင်ဘက်မှာ။ 'ဆရာတော်' တဲ့။ 'ကားနားကို မကပ်ပါနဲ့ဦးတဲ့၊ ဆရာတော်ဝေးဝေးနေပါတဲ့။ ကားဆရာက လည်းပဲ လက်ပဲထိမှန်တယ်။ လက်သုံးချောင်းလည်း ပြတ်သွားတယ် ကားဆရာက။ ဘုန်းကြီးကတော့ မှန်စလေးပဲ မှန်တာပါ။ 'အရှင်ဘုရားတို့ ကားနားမကပ်ပါနဲ့' တဲ့။ အရှင်ဘုရားတို့ ဖုန်းတွေလည်း ပေးပါတဲ့။ ဘယ်မှလည်း ဖုန်းမဆက်ပါနဲ့တဲ့။အဲ့ဒီနေရာမှာ ၂ နာရီလောက်ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်းမဘုန်းပေးရပါဘူး။”

အလွန်အင်မတန်မှ စာတော်တဲ့၊ သာသနာမှာ အလွန်အင်မတန်မှ အားကိုးရတဲ့ ဝင်းနိမ္မိကာရုံ ဆရာတော်အတွက် ဆုံးရှုံးရတဲ့အတွက် ယူကျုံးမရဖြစ်ရကြောင်း၊  ပစ်ခတ်မှုကြောင့် ဦးခေါင်းမှာ မှန်စထိမှန်သွားတဲ့ ဒဏ်ရာကို ချက်ချင်းကုသမပေးဘဲ  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိရာ နန်းတွင်းထဲကို ခေါ်သွားပြီး လိုချင်တဲ့ စကားလုံးရအောင် အကြိမ်ကြိမ် စစ်ဆေးခဲ့ပေမဲ့ အမှန်အတိုင်းပဲ ထွက်ဆိုခဲ့တဲ့ အကြောင်းလည်း ဆရာတော်က မိန့်ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရလို့ပျံလွန်တော်မူခဲ့ရတဲ့ဖြစ်စဉ်ကို အမှန်တိုင်း စာထုတ်ခဲ့တဲ့ တိုင်းသာသနာရေးဦးစီးမှူးကိုလည်း ဇွန် ၁၉ ရက်ညမှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က မြန်မာရုပ်မြင်သံကြား (MRTV)၊ မြဝတီ၊  ဝါဒဖြန့်ရုပ်သံတွေကတဆင့်  PDF တွေ ပစ်ခတ်ခဲ့တာလို့ ကြေညာခဲ့သလို နေ့စဉ်သတင်းစာနဲ့ အွန်လိုင်းတွေမှာလည်း ဝါဒဖြန့် သတင်းတွေ ကားမောင်းသမားရဲ့  ပြောကြားချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ချိန် သားကျင်ကျေးရွာဘက်မှ မြို့သာမြို့ဘက်ကို မောင်းနှင်လာတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် စီးနင်းလာတဲ့ကားကို PDF တွေရဲ့ကျည်ထိမှန်ခဲ့တာလို့ လည်း စွပ်စွဲထားပါတယ်။

ဒီလို PDF တွေ လုပ်ဆောင်တယ်လို့ စွပ်စွဲပြောဆိုနေတာနဲ့ ပတ်သက်ပြီး ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို DVBက ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာ တိုက်ပွဲ ဖြစ်တာတွေ မရှိဘဲ အခုလို စွပ်စွဲနေတာဟာ နာမည်ကြီးဆရာတော်တပါးဖြစ်နေတာမို့ သူတို့ ခေါင်းမခံချင်ပဲ PDF တွေပါလို့ လက်ညိုးထိုးတဲ့ သဘောလို့ တုံ့ပြန်ပြောပါတယ်။

ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော်ရဲ့ ရုပ်ကလာပ်ကို အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဦးဆောင်ကာ မန္တလေးမှ ပဲခူးကို ပင့်ဆောင်ခဲ့ရာ ဇွန် ၂၀ ရက် မနက် ၄ နာရီမှာ ရောက်ရှိခဲ့ပြီး  စစ်တပ်အစောင့်အရှောက်တွေချထားတယ်လို့  ပဲခူးမြို့မှ ဒါယကာတဦးက ပြောပါတယ်။

နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင်ဟောင်းလည်းဖြစ်  ရွှေကျင်နိကာယဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်တဲ့  ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ ရှိပြီဖြစ်ပါတယ်။

ဆရာတော်ကြီးမှာ ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တွေကို ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013