Home
နိုင်ငံတကာ
ပိုင်ဆိုင်မှုမှရသည့် ဝင်ငွေများကို သိမ်းပါက လက်စားချေမည်ဟု ရုရှားပြော
DVB
·
June 20, 2024
Photo - Reuters

အနောက်နိုင်ငံတွေက ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကနေ ရလာတဲ့ ဝင်ငွေတွေကို သိမ်းမယ်ဆိုရင် ရုရှားပိုင်နက်ထဲမှာ အနောက်အုပ်စုတွေရဲ့ ပိုင်ဆိုင်မှုတွေ သိသိသာသာရှိနေလို့ သူတို့ဟာ ရုရှားအစိုးရ လက်စားချေဖို့ ပစ်မှတ်တွေ ဖြစ်လာနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက ဇွန် ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

အရင်အပတ်က အီတလီနိုင်ငံမှာ ကျင်းပတဲ့ စက်မှုအင်အားကြီး ၇ နိုင်ငံအဖွဲ့ (G7) က ခေါင်းဆောင်တွေဟာ ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ချေးငွေပေးဖို့ အနောက်နိုင်ငံတွေမှာရှိနေတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကနေ ရတဲ့ အတိုးငွေတွေကို သုံးဖို့ သဘောတူခဲ့ကြပါတယ်။

ဒီလုပ်ရပ်ဟာ တရားမဝင်ဘဲ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်ထဲမှာ ယုံကြည်မှုတွေကို လှိုက်စားသွားပြီး အနောက်နိုင်ငံတွေကိုသာ ပြန်ထိခိုက်စေလိမ့်မယ်လို့ ရုရှားက ပြောပါတယ်။

ဇာခါရိုဗာက “ကျမတို့နိုင်ငံထဲမှာ အနောက်နိုင်ငံတွေရဲ့ငွေတွေ၊ ပိုင်ဆိုင်မှုတွေ သိသာတဲ့ ပမာဏလောက် ရှိနေပါတယ်။ ဒါတွေအားလုံးဟာ ရုရှားရဲ့ လက်စားချေရေး မူဝါဒတွေနဲ့ လက်တုံ့ပြန်ရေး လုပ်ရပ်တွေအတွက် အစမ်းသပ်ခံ ဖြစ်သွားနိုင်တယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

“ဒီလက်တုံ့ပြန်တဲ့ လုပ်ရပ်တွေရဲ့ သဘောသဘာဝကို ဘယ်သူမှ ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တန်ပြန်မှုတွေရဲ့ လက်နက်တိုက်တွေက ကျယ်ပြန့်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

စီးပွားရေးပညာရှင်တွေ၊ ရှေ့နေတွေနဲ့ ကျွမ်းကျင်သူတွေက ရုရှားရဲ့ ဖြစ်နိုင်ခြေအရှိဆုံး လုပ်ဆောင်ချက်တရပ်က အထူး “type-C” စာရင်းတွေမှာ လက်ရှိပိုင်ဆိုင်ထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေနဲ့ ချေးငွေတွေကို သိမ်းယူဖို့ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲစတည်းက ရုရှားအစိုးရက ဒါတွေကို စွန့်လွှတ်ကြောင်း တရားဝင် စာမထုတ်ပေးဘဲ ဒီပိုင်ဆိုင်မှုတွေကို မထိရအောင် တားမြစ်ပိတ်ပင်ထားပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ဗဟိုဘဏ်အရန်ငွေတို့လို ရုရှားပိုင်ဆိုင်မှုတွေကနေ ယူရိုဘီလီယံ ၂၆၀ (အမေရိကန်ဒေါ်လာ ၂၈၁ ဘီလီယံ) လောက်ကို ပိတ်ဆို့အရေးယူပြီး ပြန်ထုတ်ခွင့်ကို ရပ်ဆိုင်းထားခဲ့ပါတယ်။

ပိုင်ဆိုင်မှု ယူရို ၁၉၀ ဘီလီယံလောက်ကို ဘယ်လ်ဂျီယံအခြေစိုက် ဗဟိုငွေချေးဌာနတခုဖြစ်တဲ့ Euroclear မှာ ထိန်းသိမ်းထားပါတယ်။

G7 အစုအဖွဲ့ဟာ ယူကရိန်းအတွက် ချေးငွေဒေါ်လာ ဘီလီယံ ၅၀ ရဲ့ ထက်ဝက်လောက်ကို ထောက်ပံ့ပေးနိုင်တယ်လို့ ဥရောပသမဂ္ဂ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

G7 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မေလိုနီက ဒီငွေတွေဟာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့  ဂျပန်နိုင်ငံတို့ဆီက လာမှာဖြစ်ပြီး အခုအချိန်မှာ EU နိုင်ငံတွေနဲ့ တိုက်ရိုက်ပတ်သက်မှာ မဟုတ်ဘူးလို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024