Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းပန်မှုဖြင့် အမျိုးသမီး ၂၀ ကျော် ဖမ်းဆီးခံရ
DVB
·
June 20, 2024
Photo-CJ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းပန်ထားတဲ့ အမျိုးသမီး အယောက်  ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့  အသက် ၇၉ နှစ်ပြည့် မွေးနေ့အမှတ်တရ ဇွန် ၁၉ ရက်က နိုင်ငံတဝန်း ပန်းသပိတ် ပြုလုပ်ခဲ့ရာမှာ ပါဝင်တယ်ဆိုပြီး  မန္တလေးနဲ့ ဧရာဝတီမှာ ပန်းပန်ထားတဲ့ အမျိုးသမီးတွေကို  စစ်ကောင်စီတပ်က လိုက်လံ ဖမ်းဆီးခဲ့တာ။

မန္တလေးမြို့ ဒေသခံတဦးက “တနေရာတည်းတင်မဟုတ်ဘူး ၂၀ ကျော်အဖမ်းခံရတယ်၊ စက်မှုဘက်တွေရော မြို့သစ်ဘက်တွေရော အများကြီးပဲ၊ ချမ်းအေးသာစံထဲက လက်ဖက်ရည်ဆိုင်ကျ ပန်းပန်ထားတဲ့သူတွေက အနောက်မှာ  ဟင်းချက်တဲ့သူတွေပေါ့၊ ဟင်းချက်တဲ့သူတွေက ပန်းပန်ထားတာ အဲဒီမှာ အရပ်ဝတ်နဲ့လူတွေက လက်ဖက်ရည်ဆိုင်မှာ ကင်းချတဲ့သဘောပေါ့၊ အဲဒီထဲရှိနေတာ မြင်ပြီးတော့ ဆိုင်ထဲကို ဝင်ပြီးတော့ ဖမ်းတာလို့ ပြောတယ်။ မနေ့ကတော့ ကားတစီးက အချုပ်ကားနဲ့ ဖမ်းတာထင်တယ် ပွိုင့်ဖွင့်ပြီးတော့ မောင်းလာတာကိုတွေ့လိုက်တယ်၊ အထဲမှာလည်း လူတွေ တော်တော်ပါတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့ပေါ်အနှံ့နေရာက ပြည်သူ ၂၀ ကျော်အပြင် ဝက်လက်မြို့မှာလည်း ပန်းပန်ထားတဲ့ သာမန်ပြည်သူ ၄ ယောက်ဖမ်းဆီး ခံခဲ့ပါသေးတယ်။

ဧရာဝတီတိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီပန်းပန်တဲ့ ဆရာမ တယောက် အပါအဝင် အမျိုးသမီး  ၄ ဦးထက်မနည်း ပန်းသပိတ်မှာ ပါဝင်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံရပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ သာပေါင်းမြို့နယ်က တဦး၊ မအူပင်မြို့နယ်က တဦး၊ ကျိုက်လတ်မြို့နယ်က တဦးနဲ့ ၊ ပုသိမ်က တဦးဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

''စစ်ကောင်စီတပ်နဲ့ ရဲတွေကဖမ်းတာ။ အားလုံး ၄ ယောက်ပါ။ ခပ်ငယ်ငယ်လေးတွေလည်း ပါတယ်။ အဲ့နေ့က နှင်းဆီပန်း အနီပန်လို့တဲ့ သာပေါင်းမြို့နယ်၊ ဇီးကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းဆရာမ ၁ ယောက်ဆို စာသင်နေရင်းလာဖမ်းသွား တာလို့သိရတယ်။ ကျန်တဲ့ ၃ ယောက်လည်း ပန်းပန်လို့ အဖမ်းခံရတာပဲ။”

အဖမ်းခံရသူတွေဟာ အမျိုးသမီးတွေချည်းပဲဖြစ်ပြီး အသက် ၂၀ ကျော်အရွယ် အရပ်သား ၃ ယောက်နဲ့ အသက် ၃၀ ကျော်အရွယ် ကျောင်းဆရာမ တယောက်ဖြစ်ပြီး လက်ရှိမှာ  ဖမ်းဆီးထားသူတွေကို စစ်ကောင်စီတပ်က ရဲစခန်းတွေမှာ ထားရှိစစ်ဆေးနေတယ်လို့ သိရပါတယ်။

မအူပင်ဒေသခံတဦးက ''စစ်ဆေးဖို့ရှိလို့ ဆိုပြီး ဖမ်းသွားတာ။ ဘုရားပန်းကပ်လို့ ပိုတဲ့ နှင်းဆီပန်းကို ပန်ပြီးဈေးထဲ လျှောက်သွားတာကို အုပ်ကြီးက သတင်းပေးလို့အဖမ်းခံရတာ။ အဓိကကိုယ့် ဒေသတွေမှာ အုပ်ကြီးတွေ မကောင်းနေတာ”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လက်ရှိ ပန်းသပိတ်မှာပါဝင်တယ်လို့ဆိုပြီး ဖမ်းဆီးခံရသူတွေကိုဘယ် ဥပဒေပုဒ်မနဲ့မှ အမှုဖွင့်ထားခြင်းမရှိသေးဘူးလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့သူတွေရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ DVB အနေနဲ့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်အာဏာရှင်တွေကြောက်ရွံ့တဲ့ လူထုရဲ့ လက်နက်မဲ့ သပိတ်တွေမှာ ပါဝင်တာကို ဖိနှိပ်ဖို့ အခုလို ဖမ်းဆီးတာလို့  ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ရဲ့ ဥက္ကဋ္ဌက   ပြောပါတယ်၊

“စစ်အစိုးရခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က စစ်အစိုးရ ကြောက်ရွံ့ခြောက်ခြားတုန်လှုပ်ရတဲ့ နေ့တွေထဲမှာ တနေ့အပါအဝင်ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး၊ အဲဒီတော့ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည့် မွေးနေ့တိုင်းမှာ တတိုင်းတပြည်လုံး လူထုတရပ်လုံးဟာ ပန်းသပိတ်ကိုဆင်နွှဲခဲ့ကြပါတယ်။ ဒီနှစ်မှာဆိုလည်း ပန်းသပိတ် ဆင်နွှဲတယ်။ သပိတ်ဆိုတဲ့ သဘောကိုက လက်နက်မဲ့ နိုင်ငံရေး အန်တုမှုနည်းလမ်းဖြစ်တယ်ပေါ့။ ဘယ်လို သပိတ်မျိုးပဲ ဖြစ်နေပါစေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေသမျှတော့ စစ်အာဏာရှင်တွေက ဖိနှိပ်နေမှာပဲ၊ ဘယ်လောက်ပဲ ဖိနှိပ်ပါစေ ပြည်သူတရပ်လုံးကရော တော်လှန်ရေးအင်အားစုတွေကရော  ငုံ့မခံဘဲနဲ့ တုံ့ပြန်ကြပါတယ်။ ဒါကြောင့်မို့ ငုံ့မခံဘဲ တုံ့ပြန်ကြမယ့် သံမဏိနှင်းဆီတွေဆိုပြီး လူထုတရပ်လုံးက ပန်းသပိတ် ဆင်နွှဲခဲ့ကြတာဖြစ်တယ်။”

ရန်ကုန်မှာတော့ ရေဘဝဲအဖွဲ့ဝင်တယောက်က SUU စာသားပါ ဘန်နာကိုကိုင်ဆောင်ပြီး တကိုယ်တော် ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။

ပြည်သူလူထုနဲ့အတူ တော်လှန်ရေးအင်အားစုတွေ၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့ကို နိုင်ငံရဲ့ နေရာအနှံ့မှာ ပြုလုပ်ခဲ့ကြတာပါ။

မြန်မာပြည်သူတွေရဲ့  ပန်းသပိတ်လှုပ်ရှားမှုမှာ ရန်ကုန်အခြေစိုက်  နိုင်ငံခြား သံရုံးတွေလည်း ပူးပေါင်းပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

၂၀၂၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့တုန်း ကလည်း နိုင်ငံအနှံ့က ပန်းရောင်းတဲ့ ဈေးသည်နဲ့ ပန်းပန်တဲ့ပြည်သူ ၁၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။

ဝေဝေ/ CJ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024