Home
မြန်မာသတင်း
ဆီဆိုင်မြို့ အနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဆက်ဖြစ်
DVB
·
June 20, 2024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နဲ့  အနီးဝန်းကျင်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အရပ်သားထိခိုက်မှုတွေ များလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆီဆိုင်ဒေသကို စစ်ကောင်စီက ပြန်ထိန်းချုပ်သွားနိုင်ပြီလို့ ဆိုထားပေမယ့် မြေပြင်တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပြီး မြို့ပေါ်မှာလည်း မြေမြှုပ်မိုင်းတွေကျန်နေကာ မကြာခဏပေါက်ကွဲမှုတွေရှိပြီး အရပ်သား ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတယ်လို့ ဆီဆိုင်ဒေသခံတွေက ပြောပါတယ်။

သီးနှံစိုက်ပျိုးချိန်ဖြစ်တဲ့အတွက် လာရောက်စိုက်ပျိုးပြီး စစ်ရှောင်တဲ့နေရာတွေကို ပြန်နေထိုင်ကြသူတွေလည်း ရှိတယ်လို့  သိရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ၅ လနီးပါး တိုက်ပွဲတွေဖြစ်ခဲ့ပြီး နောက် ဆီဆိုင်မြို့ပေါ်ရပ်ကွက် အများစုပျက်စီးသွားခဲ့ပြီး အဲ့ဒီအတွက် စစ်ကောင်စီက လျော်ကြေးပေးတယ်လို့ဆိုပေမဲ့ လက်တွေ့မှာတော့ နီးစပ်သူတွေသာ ရနေကြောင်း ဆီဆိုင်ဒေသခံက  ပြောပါတယ်။

“ဆီဆိုင်အခြေအနေက လက်ရှိမှာ အကုန်မပြန်ကြသေးဘူး။ ၅၀-၅၀အခြေအနေပဲ ရှိပါသေးတယ်။ မြို့ပေါ်မှာ မြေမြုပ်မိုင်းတွေရှိနေသေးတော့ မကြာမကြာပေါက်ကွဲမှုတွေ ဖြစ်တော့ စိတ်ချရတဲ့ အခြေအနေမဟုတ်သေးဘူးလို့ ပြည်သူတွေက ယုံကြည်တုန်းပဲ။ အကုန်မပြန်လာရဲကြဘူး။ တချို့တွေ ပြန်စရာအိမ်မရှိတော့ဘူးပေါ့။ ဒီတရက် နှစ်ရက်အတွင်း လက်နက်ကြီးသံတွေ ပြန်ကြားနေရတယ်။ ဆီဆိုင်မြို့အနောက်တောင်ဘက်နဲ့ အရှေ့မြောက်ဘက်တွေမှာ လက်နက်ကြီးသံကြားနေရတယ်။”

ရှမ်းတောင်တိုက်ပွဲကာလ ၅ လနီးပါးမှာ အရပ်သား ၇၇ ဦး သေဆုံးခဲ့ရပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့  ပအို့ဝ်လူငယ်အစည်းအရုံးကနေ သိရပါတယ်။ 

တိုက်ပွဲတွေနည်းသွားချိန်မှာ မြေမြုပ်မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား သေဆုံးမှုက  ပိုများလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဆီဆိုင်ဒေသကနေ တိုက်ပွဲတွေပြင်းထန်နေဆဲ ကရင်နီဒေသကို အင်အားတွေပို့နေပြီး အရပ်သားကားတွေကို ချောဆွဲ နေတယ်လို့ ပအို့ဝ်လူငယ်အစည်းအရုံး တာဝန်ရှိသူက ပြောပါတယ်။

ဆီဆိုင်မြို့ပေါ်နဲ့ အနားတဝိုက်ရွာတွေမှာ ကားချောဆွဲခံနေရတာတွေ ရှိနေတယ်လို့လည်း ဒေသခံတယောက်က အတည်ပြုထားပါတယ်။

ပအို့ဝ်လူငယ်အစည်းအရုံး တာဝန်ရှိသူတဦးက “အခုနောက်ပိုင်းမှာ မိုင်းနဲ့ပတ်သက်ပြီး ပိုများလာတယ်။ သေဆုံးမှုနဲ့ပတ်သက်ရင် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ကိစ္စ ပိုများလာတာတွေ့ရတယ်။ စစ်သားစုဆောင်းတာနဲ့ပတ်သက်ပြီး နေရပ်ပြန်လာတဲ့ ပြည်သူတွေကို အရင်က စစ်သားစုဆောင်းတာပဲပေါ့လေ။ ခုက ကားချောဆွဲတာတွေ အဲ့ဒီကားတွေကို ရှမ်းကယားနယ်စပ်မှာ အဓိကသုံးနေတာတွေ့ရတယ်။ တချို့က ဒေသခံတွေကို လူသားဒိုင်းကာအနေနဲ့ ခေါ်သွားတာပါတွေ့လာရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ ပအို့ဝ်ပြည်သူ့စစ်တွေဟာ တောင်ကြီး၊ ဟိုပုန်း၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့တွေမှာ စစ်မှုထမ်းဖို့ စုဆောင်းနေတယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်ကနေစပြီး  စစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်စာတွေ တောက်လျှောက် ရောက်လာနေကာ စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေကို စစ်ကောင်စီက  လက်နက် တပ်ဆင်ပေးပြီး စစ်မှုမထမ်းနိုင်ရင် ငွေကြေးကောက်ခံတာတွေလ ရှိတယ်လို့  ဆီဆိုင်ဒေသခံတွေကနေ သိရပါတယ်။

မြတ်ကြီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024