DVB Logo
Home
မြန်မာသတင်း
မတူပီကို သိမ်းပိုက်ရန်ကြိုးပမ်းနေသည့် ချင်းတော်လှန်ရေးတပ်အချင်းချင်း တိုက်ပွဲဖြစ်  
DVB
·
June 19, 2024
မတူပီကို သိမ်းပိုက်ရန်ကြိုးပမ်းနေသည့် ချင်းတော်လှန်ရေးတပ်အချင်းချင်း တိုက်ပွဲဖြစ်  
Donate to DVB

ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းညီနောင်တပ်ဖွဲ့တွေကြားမှာ မတူပီမြို့ကို အပြိုင် တိုက်ခိုက်သိမ်းပိုက်ကြဖို့ ကြိုးစားကြရင်း တိုက်ပွဲတွေဖြစ်နေသလို ထိခိုက် သေဆုံးမှုတွေရှိတယ်လို့ အဲဒီနှစ်ဖွဲ့စလုံးရဲ့ပြောရေး ဆိုခွင့်ရှိသူတွေက ပြောပါတယ်။

ချင်းပြည်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီကထိန်းချုပ်ထားတဲ့ မြို့ ၉ မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့မြို့တွေကို အပြိုင်အဆိုင် သိမ်းပိုက်ကြဖို့ ကြိုးစားပြင်ဆင်နေကြပါတယ်။

စစ်ကောင်စီစခန်းတွေကို ချင်းညီနောင်တပ်တွေက ဝင်တိုက်ချိန်မှာ ချင်းလန်းကောင်စီ တပ်ဖွဲ့တွေက နောက်ကနေ ဝင်ရောက်တိုက်ခိုက်တာလို့ ချင်းအမျိုးသားကောင်စီ(မင်းတပ်) ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောဆိုပြီး ချင်းညီနောင်အနေနဲ့ စစ်ကောင်စီနဲ့ ချင်းလန်းကောင်စီ တပ်တွေကို စစ်မျက်နှာ ၂ ခုဖွင့်ပြီး ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဆလိုင်းယောမာန်က “လက်ရှိအချိန်မှာ CNF/CNA ဦးဆောင်တဲ့ ချင်းလန်းကောင်စီအဖွဲ့တွေက ၁၄၀နဲ့ ဗျူဟာစခန်းကိုထိုးစစ်ဆင်နေတုန်းမှာ နောက်ကနေ အလစ်ဝင်တိုက်တဲ့အတွက် ညီနောင်နဲ့ မဟာမိတ်အဖွဲ့ကရဲဘော် ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်။ လောလောဆယ် အဲ့လိုအခြေအနေ ရှိနေပါတယ်။ စကစဘက်ကရော CNF/CNA ဦးဆောင်တဲ့ ချင်းလန်း ကောင်စီအဖွဲ့တွေရောက ပူးပေါင်းပြီး စစ်မျက်နှာ ၂ ခုထိုးစစ်ဆင်နေသလိုဖြစ်တာကြောင့် တိုက်ပွဲလည်း ပြင်းထန်နေတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ AA နဲ့ ချင်းညီနောင်အဖွဲ့တွေက မတူပီမြို့ပေါ်မှာရှိနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ အုပ်ချုပ်ရေး လည်ပတ်နေတဲ့ စစ်ရေးဆိုင်ရာနေရာတွေကို ထိန်းချုပ်ထားပြီး ဗျူဟာအရ ထိန်းချုပ်ဖို့ ကျန်နေတဲ့ ခလရ ၁၄၀ နဲ့ တပ်စခန်းတွေကို ထပ်မံတိုက်ခိုက်ဖို့ ပြင်ဆင်ပြီးတာကြောင့် ချင်းအမျိုးသားတပ်ဦး (CNF) ဘက်က တောင်းဆိုမှုတွေကို လိုက်လျောဖို့ မဖြစ်နိုင်ဘူးလို့ ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရ ကိုယောမာန်က ပြောပါတယ်။

CNF ဘက်ကတော့ AA နဲ့ ပူးပေါင်းအဖွဲ့တွေက မတူပီမြို့တွင်းက စစ်ဘေးရှောင်အရပ်သားတွေကို ကြိုပို့လုပ်နေတဲ့ သူတို့တပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးပြီး ခလရ ၁၄၀ ကြား အဟန့်အတားပြုလုပ်ကာ စစ်ဆင်ရေး မဖော်ဆောင်နိုင်အောင် တားဆီးတာကြောင့် အခုလို အချင်းချင်းကြားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာလို့ ပြောပါတယ်။

ချင်းညီနောင်တွေဘက်ကတော့ ရန်သူနယ်မြေဘက်ကိုသွားတဲ့ မသင်္ကာစရာအချက်တွေကြောင့် ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ဆေးမေးမြန်းပြီး ချင်းအမျိုးသားတပ်ဦးဘက်ကို ပြန်အပ်ဖို့ လုပ်ဆောင်ချိန်မှာ CNF တပ်ဖွဲ့တွေရဲ့ အလစ်အငိုက်တိုက်ခိုက်မှုကိုခံရပြီး တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF နဲ့ပူးပေါင်းအဖွဲ့တွေကတော့ မတူပီမြို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ညှိနှိုင်းလို့မရခဲ့ရင် အချင်းချင်းကြား တိုက်ပွဲတွေထပ် ဖြစ်လာနိုင်တယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မင်းတပ်ခရိုင် မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်ရင်းစခန်းတခုကို ဇွန် ၁၇ ရက်က ချင်းညီနောင်တပ်တွေက သိမ်းနိုင်ခဲ့ပြီး ကျန်တဲ့ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

မတူပီမြို့ကို သိမ်းနိုင်ဖို့  ဇွန် ၉ ရက်က စကာ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့  ရဲစခန်းတွေကို သိမ်းနိုင်ခဲ့ပြီးတဲ့နောက်  ဇွန် ၁၇ ရက်မှာတော့  ခမရ (၃၀၄) တပ်ရင်းကို သိမ်းနိုင်ခဲ့ကာ ဟောင်ဝစ်ဇာအမြောက်နဲ့ လက်နက်ခဲယမ်းတွေအပြင် စစ်ကောင်စီတပ်သားတွေကို ဖမ်းမိထားတယ်လို့ ချင်းအမျိုးသားကောင်စီ(မင်းတပ်) ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောပါတယ်။

မတူပီတိုက်ပွဲမှာ ချင်းညီနောင်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အာရက္ခတပ်တော်နဲ့ ယောအာမီတို့လည်း ပါဝင်ကူညီနေပြီး စစ်ကောင်စီရဲ့ ကျန်တဲ့စခန်း(၂)ခုကို ဆက်တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားကောင်စီ(မင်းတပ်) အဖွဲ့မှ  ဆလိုင်းယောမာန်က ပြောပါတယ်။ 

“ဇွန်လ ၁၇ ရက်နေ့က  ခမရ (၃၀၄) တပ်ရင်းကို သိမ်းနိုင်ခဲ့ပါတယ်။ ဟောင်ဝစ်ဇာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပါတယ်။ စစ်ကောင်စီက ထွက်ပြေးလွတ်မြောက်တာမရှိဘူး။ ထိခိုက်သေဆုံးတာတွေရှိတယ်။ ကျနော်တို့ လက်ရ ဖမ်းဆီးမိထားတာတွေလည်း ရှိပါတယ်။ သူတို့ကိုတော့ ထိန်းသိမ်းထားပါတယ်။ မတူပီတိုက်ပွဲမှာ (၁၄၀)စခန်းနဲ့ မတူပီဗျူဟာတော့ ကျန်သေးတယ် မြို့ကို အကုန်လုံးသိမ်း ဖို့အတွက်ပေါ့။ အဲ့ဒီအတွက်လည်း ဆက်တိုက်ပွဲဝင်နေပါတယ်။ အာရက္ခတပ်တော်၊ ယောအာမီနဲ့  မဟာမိတ်တွေပါပါတယ်။ ချင်းညီနောင်စစ်ဆင်ရေးပေါ့။ မဟာမိတ်တွေရဲ့အကူအညီတွေက ကြီးကြီးမားမားပေါ့ တကယ့်ကိုအရေးပါပါတယ်။”

ကန်ပက်လက်ခရိုင်ထဲက ကျင်ဒွေးမြို့ကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ချင်းညီနောင်တပ်ဖွဲ့တွေက သိမ်းလိုက်နိုင်ပြီးတဲ့နောက် အခု ဇွန်လထဲမှာတော့ မတူပီမြို့ကို ဒုတိယမြောက်မြို့အဖြစ် သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာပါ။

ချင်းညီနောင်အဖွဲ့မှာ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ၊ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလန်း ကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဆိုတဲ့ အဖွဲ့ ၆ ဖွဲ့ ပါဝင်ပါတယ်။

အလားတူ စစ်ကောင်စီထိန်းချုပ်မှုအောက်ကနေ ဇိုတုန်နယ်မြေတစ်ခုလုံး လွတ်မြောက်သွားပြီဆိုပေမယ့် ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ချင်းကာကွယ်ရေးတပ်  Chinland defense force- zotung တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ချင်းပြည်နယ်အတွင်းက ဇိုတုန်လူမျိုးစုတွေ အဓိကနေထိုင်ရာ ရေဇွာမြို့အပါအဝင် နယ်မြေတခုလုံးဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားတာဆိုရင် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဖြစ်ပါတယ်။

သူတို့နယ်မြေ လွက်မြောက်သွားပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွေ ထူထောင်နေတယ်ဆိုပေမဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ CDF- zotung တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပြည်သူတွေလိုလားတဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် မြေပြန့်က ညီအစ်ကိုတွေအနေနဲ့ ချင်းပြည်နယ်က CDF- zotung တပ်ဖွဲ့နဲ့ လာရောက်ပူးပေါင်းနိုင်ပြီး စစ်ပညာသင်တန်းအပြင် နေရေးထိုင်ရေးလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ကျော်ကာလအတွင်း ဇိုတုန်လူမျိုးစုတွေ အများဆုံးနေထိုင်ရာ ရေဇွာမြို့အပါအဝင် မြို့ပေါင်း ၁၀ မြို့ဝန်းကျင်နဲ့ ချင်းပြည်ရဲ့ နယ်မြေအများစုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားခဲ့တာပါ။ 

အောင်သူ/ မြတ်ကြီး/ ခွန်ဇော်ဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013