DVB Logo
Home
နိုင်ငံတကာ
ရုရှားသမ္မတပူတင် မြောက်ကိုရီးယားကို ရောက်ရှိ၊ ကင်မ်ဂျုံအန်း ပွေ့ဖက်ကြိုဆို
DVB
·
June 19, 2024
ရုရှားသမ္မတပူတင် မြောက်ကိုရီးယားကို ရောက်ရှိ၊ ကင်မ်ဂျုံအန်း ပွေ့ဖက်ကြိုဆို
Donate to DVB

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၄ နှစ်တာ ကာလအတွင်း သူ့ရဲ့ပထမဆုံးခရီးစဉ်အဖြစ် မြောက်ကိုရီးယားကို ဇွန် ၁၉ ရက်မှာ ရောက်ရှိခဲ့ပါတယ်။

ခရီးစဉ်အတွင်း ကုန်သွယ်မှုနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ဖို့နဲ့ အမေရိကန်ကို ဆန့်ကျင်ရာမှာ အထောက်အကူဖြစ်စေဖို့ ကတိပြုခဲ့ပါတယ်။

ပူတင်ရဲ့လေယာဉ်ဟာ ရုရှားနိုင်ငံ အရှေ့ဘက်စွန်းမှာ ရပ်နားခဲ့ပြီးနောက် ဒေသစံတော်ချိန် မနက် ၂ နာရီ ၄၅ မိနစ်လောက်မှာ ပြုံယမ်းကို ဆင်းသက်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပူတင်ကို ပြုံယမ်းလေဆိပ်မှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး ၂ နိုင်ငံခေါင်းဆောင်တွေဟာ ပွေ့ဖက်ပြီး လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာသုံးအဖွဲ့ဝင် ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားအပေါ် သူ့ရဲ့ချဉ်းကပ်မှုတခုလုံးကို ပြန်အကဲဖြတ်နေကြောင်း အချက်ပြတဲ့အနေနဲ့ ပူတင်ဟာ အမေရိကန်ရဲ့ စီးပွားရေးဖိအားပေးမှု၊ ငွေညှစ်မှုနဲ့ ခြိမ်းခြောက်မှုတွေကို မြောက်ကိုရီးယားက တွန်းလှန်ခဲ့တယ်ဆိုပြီး သူ့ရဲ့ ပြုံယမ်းခရီးစဉ် မတိုင်ခင်မှာ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ထုတ်ဝေတဲ့ ဆောင်းပါးတပုဒ်ထဲမှာ ပူတင်က “ရဲဘော်” ကင်မ်လို့ ချီးကျူးထားပြီး ယူရေးရှားတဝန်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ လုံခြုံရေး အားကောင်းစေဖို့ တရားမဝင် တဖက်သတ် ကန့်သတ်ချက်တွေကို အတူတကွ တွန်းလှန်ဖို့ ကတိပြုခဲ့ပါတယ်။

မော်စကိုဟာ မြောက်ကိုရီးယားနဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ကြိုးပမ်းနေတယ်လို့ သမ္မတပူတင်က ခရီးစဉ်အကြိုမှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစာချုပ်မှာ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ ပါဝင်လိမ့်မယ်လို့ ပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြံပေး ယူရီ အူရှာကော့ဗ်က ပြောကြားခဲ့ပါတယ်။

အဲဒီသဘောတူညီချက်ဟာ တခြားဘယ်နိုင်ငံကိုမှ ဦးတည်မှာမဟုတ်ပေမဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာတွေကို အကြမ်းဖျင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဆိုဗီယက်ယူနီယံဟာ ၁၉၅၀ ကိုရီးယားစစ်ပွဲမတိုင်ခင် ၂ နှစ်လောက်က ကင်မ်ဂျုံအန်းရဲ့အဘိုး ကင်မ်အီဆွန်း တည်ထောင်ခဲ့တဲ့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြုခဲ့ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံပိုင်မီဒီယာကလည်း ရုရှားနဲ့ ရုရှားနိုင်ငံသားအားလုံးရဲ့ မြင့်မြတ်တဲ့စစ်ပွဲလို့ ခေါ်ကြတဲ့ ယူကရိန်းက စစ်ဆင်ရေးတွေကို ထောက်ခံအားပေးတဲ့ ဆောင်းပါးတွေကို ထုတ်ဝေခဲ့ပါတယ်။

ရုရှားခေါင်းဆောင် မြောက်ကိုးရီးယားကို လာချိန်မှာ တောင်ကိုရီးယားနဲ့ တရုတ်တို့ သံတမန်ရေးနဲ့ လုံခြုံရေး ဆွေးနွေးခဲ့ကြပါတယ်။

တောင်ကိုရီးယားနဲ့ တရုတ်တို့ ပြီးခဲ့တဲ့လက လုပ်ခဲ့တဲ့ သဘောတူညီချက်အရ နှစ်နိုင်ငံ သံတမန်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ပထမအကျော့ အစည်းအဝေးအတွက် ဇွန် ၁၈ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

ဆိုးလ်မြို့တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်မ်ဟုန်ကယွန်းနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး စွန်းဝေတုန်းတို့ ဦးဆောင်ပြီး နှစ်ဖက်စလုံးက ကာကွယ်ရေး အကြီးတန်းအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ တရုတ်ဝန်ကြီးချုပ် လီချန် တို့ဟာ ပြီးခဲ့တဲ့လက ဆိုးလ်မှာ တွေ့ဆုံခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း လွတ်လပ်တဲ့ ကုန်သွယ်ရေးကို ပြန်စတင်ဖို့ သဘောတူခဲ့ကြပါတယ်။

ပူတင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး နောက်ထပ် စစ်ရေးဖလှယ်တာတွေ မလုပ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်အစိုးရတို့က သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်စွမ်းရည်တွေ တိုးတက်မြင့်မားလာစေဖို့ အပြိုင်အဆိုင်လုပ်ဆောင်နေလို့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က ပိုကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့ တောင်ကိုရီးယားသမ္မတက တိုက်တွန်းထားပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မြို့တော် ပြုံယမ်းဆီ လာရောက်လည်ပတ်မှုကို လုံခြုံရေးခြိမ်းခြောက်မှုလို့ မယူဆဘူးလို့ စစ်မဲ့ဇုန် (DMZ) နားက အင်မ်ဂျင်ဂတ်ခ် ဖျော်ဖြေရေးခန်းမဆီ လာရောက်လည်ပတ်ကြတဲ့ ခရီးသည်တွေနဲ့ တောင်ကိုရီးယား နေထိုင်သူတွေက ပြောပါတယ်။

မြောက်ကိုရီးယား စစ်သားတွေဟာ အင်္ဂါနေ့မနက်က MDL ကို ချိုးဖောက်ဝင်ရောက်လာလို့ တောင်ကိုရီးယားဘက်က သတိပေး ပစ်ခတ်ခဲ့ပြီးတဲ့နောက် မြောက်ဘက်ကို ခဏပြန်ရွှေ့သွားတယ်လို့ တောင်ကိုရီးယားအစိုးရ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောပါတယ်။

DMZ ဇုန်ထဲမှာ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲခဲ့လို့ မြောက်ကိုရီးယားစစ်သားတွေ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ JCS က ပြောပါတယ်။

၂၄ နှစ်အတွင်း ပထမဆုံးအနေနဲ့ မြောက်ကိုရီးယားဆီ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်ကို ပူတင်က  အင်္ဂါနေ့ စတင်ချိန်မှာ မြောက်ကိုရီးယားက MDL လိုင်းကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

Photo-KCNA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013