DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းကို တိမ်းရှောင်လာသည့် လူငယ်များ စိန်ခေါ်မှု အခက်အခဲကြုံ
DVB
·
June 18, 2024
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းကို တိမ်းရှောင်လာသည့် လူငယ်များ စိန်ခေါ်မှု အခက်အခဲကြုံ
Donate to DVB

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းမှာ မနေလိုကြတဲ့ မြန်မာလူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီ တိမ်းရှောင်ထွက်ခွာနေကြရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာကြတဲ့ လူငယ်တွေ အခက်အခဲ၊ စိန်ခေါ်မှုတွေ ကြုံတွေ့ ရင်ဆိုင်နေရပါတယ်။

အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြီးခဲ့တဲ့ မတ်လက ထိုင်းနိုင်ငံကို တရားဝင်လမ်းကြောင်းကနေရောက်လာတဲ့ အသက် ၃၀ ကျော်အရွယ် ကိုထွန်း (အမည်လွှဲ)က “အစကတော့ ဒီလို တရားဝင် အပေါ်လမ်းကတော့ လာခဲ့တာပေါ့။ ကိုယ်နဲ့ အဆင်ပြေမယ့် အလုပ်အကိုင်တခုကို ရဖို့ ၂ လလောက် ကြိုးစားခဲ့တာပေါ့။ အဲ့မှာ ကျောင်းသားဗီဇာရဖို့ ကျောင်းတခုကို လျှောက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီကျောင်းကလည်း ဗီဇာနဲ့ ပတ်သက်ပြီး အရမ်းနှောင့်နှေး ကြန့်ကြာနေတော့ နောက်ဆုံးတော့ ကျနော်တို့က မူလ ရထားတဲ့ အလည်ဗီဇာက သက်တမ်း ကုန်သွားတယ်။ ထပ်တိုးတယ်။ နောက်ထပ်လည်း ထပ်မတိုးနိုင်တော့ဘူး။ ပိုက်ဆံ အရမ်းကုန်နေပြီ။ နောက်ထပ် ဗီဇာရဖို့လည်း နိုင်ငံအပြင် ထပ်ထွက်ရမှာ ဆိုတော့ စရိတ်က မတတ်နိုင်တော့ တော်တော်လေး အခက်အခဲ ဖြစ်သွားတယ်”လို့ ပြောပါတယ်။

အသက် ၃၅ နှစ်အောက် အမျိုးသားဖြစ်တာကြောင့် ပြည်သူ့ စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်နေတဲ့ ကိုထွန်းက ထိုင်းနိုင်ငံကို ကြိုတင် မပြင်ဆင်ဘဲ ရုတ်တရက် ပြောင်းရွှေ့လာရသူပါ။ ပြောင်းရွှေ့လာတဲ့ ၃ လအတွင်းမှာပဲ နေထိုင်ခွင့်အထောက်အထားနဲ့ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကိုယ်က စားဝတ်နေရေး အခက်အခဲ ရှိနေတော့ စိုက်ပျိုးရေးလုပ်ငန်းဘက်မှာ သွားလုပ်နေတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆိုပေမယ့် အထွေထွေလုပ်သားအလုပ် လုပ်ရတာပေါ့။ General Worker ပိုင်းပေါ့။ General worker လုပ်ရတဲ့အတွက် သူဌေးကလည်း ဘတ်နဲ့ ပတ်သက်ပြီး လုပ်ပေးမယ် ပြောတယ်။ ကိုယ်ကလည်း ဘတ်ရိုက်ဖို့ ပိုက်ဆံက မရှိဘူး။ ရတဲ့ လစာနဲ့ ပုံမှန် ဖြတ်သွားမယ်တော့ ပြောတယ်။”

ယခင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က အတည်ပြုပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်ရှိ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်ပြန်သွင်း အာဏာတည်ကြောင်းကြေညာခဲ့တာဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဧပြီ ၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အပတ်စဉ် ၁ အတွက် လူစုဆောင်းတာတွေ၊ မဲနှိုက်ရွေးချယ်ဆင့်ခေါ်တာတွေကို မြို့နယ် ကျေးရွာတွေအလိုက် မတ်လအတွင်းမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဧပြီလမှာတော့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း စတဲ့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ စစ်သင်တန်းကျောင်းတွေ တပြိုင်တည်း ဖွင့်လှစ်ခဲ့တာပါ။

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာရတဲ့ အသက် ၂၅ နှစ်အရွယ် ကိုမင်းမင်းကတော့ ဒီထက် ပိုမြင့်တဲ့နိုင်ငံ၊ ဒီထက် ဝင်ငွေ လစာပိုကောင်းတဲ့ အလုပ်ကိုရဖို့ မျှော်လင့်ထားတယ်လို့  ပြောပါတယ်။

“လေဆိပ်မှာ အခက်အခဲက တော်တော်ကြုံခဲ့ရတယ်။ Immigration (လဝက) ဖြတ်တဲ့အချိန် ကိုယ်တွေက မြန်မာပတ်စ်ပို့ ကိုင်ထားတာဆိုတော့ မြန်မာဆို အနိုင်ကျင့်ရကောင်းမှန်းသိပြီး အလုံးစုံမေးပြီး အလုံးစုံ စစ်တော့တာပေါ့။ စစ်မှုထမ်းဥပဒေကြောင့် အရာရာပေါ့။ ကိုယ့်နိုင်ငံလည်း ပြန်မရ၊ ဒီဘက်မှာလည်း ခက်ခဲ၊ အကုန်လုံးက စိန်ခေါ်မှုတွေပဲ။ တစ်က ပြန်စရတာပေါ့။ နိုင်ငံအသစ်မှာ ဘာသာစကား၊ နေထိုင်ခွင့်၊ အလုပ်အကိုင်တွေရော အရမ်း ခက်ခဲပါတယ်။”

စစ်မှုထမ်း အပတ်စဉ် ၁ အတွက် လူဦးရေ ၅၀၀၀ နီးပါးကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ စစ်အခြေခံ သင်တန်းကျောင်း ၇ ကျောင်းနဲ့ တန်းမြင့်သင်တန်းကျောင်း ၈ ကျောင်းတို့မှာ သင်တန်း ပေးခဲ့ပြီး၊ အပတ်စဉ် ၂ ကိုလည်း ဧပြီလအတွင်းမှာ ခေါ်ယူခဲ့ပါတယ်။

မေ ၉ ရက်ကစလို့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း စတဲ့ ဒေသတွေမှာ စစ်သင်တန်းကျောင်းတွေ စတင်ခဲ့တာပါ။ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ  ပြည်တွင်းကနေ တရားဝင် လေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံကို ရောက်လာခဲ့ပေမဲ့ နေထိုင် ကုန်ကျစရိတ်တွေကြောင့် တရားဝင်ဗီဇာ သက်တမ်းတိုးဖို့လည်း လူငယ်တွေ အခက်အခဲ ကြုံနေရပါတယ်။

အသက် ၂၈ နှစ်အရွယ် ကိုကျော်ကျော်က “အဓိကကတော့ ဟိုဘက်ကိုလည်း အရှုံးပေးပြီး မပြန်ချင်တော့ နောက်ဆုံးကျ တွေးလိုက်တာ ဘယ်လိုပဲဖြစ်ဖြစ် Overstay ဖြစ်သွားလည်း ဖြစ်ဖြစ်ပေါ့။ ဒီဘက်မှာ အလုပ်ရထားတဲ့အတွက်ကြောင့် စဉ်းစားမိတာပေါ့။ Overstay ဖြစ်ရင် ဖြစ်ပါစေပေါ့။ အလုပ်လုပ်ရင်းနဲ့ ဘတ်တင်ရင်း စောင့်မယ်ပေါ့။ လောလောဆယ် လုပ်နေရတာတော့ အခြေအနေအရ လုပ်နေရတာဆိုတော့ ကိုယ်ဝါသနာတော့ မပါဘူး။ ပျော်တော့ မပျော်ဘူး။ စားဖို့ သောက်ဖို့နဲ့ နေဖို့ ထိုင်ဖို့အတွက် လုပ်ရတာဆိုတော့။ ပြီးတော့ ကိုယ်က အိမ်ကိုလည်း ဒုက္ခမပေးချင်ဘူး။ ဒီအရွယ်ထိ ရောက်နေပြီ အခုထိ ပိုက်ဆံ ထောက်ပံ့ပေးနေရတုန်းဆိုရင် မလုပ်ချင်တော့ဘူး။ ဒီအလုပ်က ပိုက်ဆံလေးစုပြီး ကိုယ် ဝါသနာပါတာ ဘာလုပ်နိုင်မလဲ။ ဘယ်အထိ သွားလို့ ရမလဲ စဉ်းစားထားတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်ရတဲ့အခါ နေထိုင်ခွင့် အထောက်အထားတွေအပြင် ဘာသာစကား အခက်အခဲနဲ့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေကလည်း လူငယ်တွေအတွက် စိန်ခေါ်မှု ဖြစ်နေပါတယ်။

အာဏာသိမ်း စစ်ကောင်စီက မေ ၁ ရက်နေ့မှာ အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ကို ပိတ်ပင်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ၂ ရက်အကြာမှာပဲ အမျိုးသား အလုပ်သမား ၅၀ ရာခိုင်နှုန်း ပြည်ပထွက် အလုပ်လုပ်ခွင့်ပေးတယ်လို့ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၄ အတွက်လည်း လူစာရင်း ကောက်ယူတာတွေ ဆက်တိုက် လုပ်နေတာကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ ပြည်ပကို နည်းလမ်းမျိုးစုံနဲ့ ရွှေ့ပြောင်းလာကြပါတယ်။

ဒါ့အပြင် အပတ်စဉ် ၅ မှာလည်း အမျိုးသမီးတွေပါ စစ်မှုထမ်းဖို့ ခေါ်ယူသွားမယ် ကြေညာထားပြီး စာရင်းကောက်ယူနေတာကြောင့် အမျိုးသမီးတွေနဲ့ မိဘပြည်သူတွေလည်း စိုးရိမ်မှု မြင့်တက်နေ ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013