DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် တိုက်ခိုက်ခံရသဖြင့် စစ်သား ၁၁ ဦးသေ၊ စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေပြီး ၁ ဦး ဒဏ်ရာရ
DVB
·
June 18, 2024
တနင်္သာရီတိုင်းတွင် တိုက်ခိုက်ခံရသဖြင့် စစ်သား ၁၁ ဦးသေ၊ စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေပြီး ၁ ဦး ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ရွာလုံးကျွတ် စစ်ရှောင်နေရတဲ့ မောင်မယ်ရှောင်ကျေးရွာ အတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်သားတွေနဲ့ ကင်းပုန်းယူ‌နေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁၁ ဦး သေဆုံးခဲ့သလို အရပ်သားတဦးကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ဇွန် ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ဇွန် ၁၄ ရက် မနက် ၁၁ နာရီလောက်က အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူဆောင်နေတဲ့အချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၁၀ မိနစ်ခန့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။

နောက်တနေ့ ဇွန် ၁၅ ရက် မနက် ၁၁ နာရီကျော်မှာလည်း မောင်မယ်ရှောင်ကျေးရွာနဲ့ ဇဟာကျေးရွာကြားက တံတားဖြူအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

DNLA တာဝန်ရှိသူတဦးက “စစ်ရှောင်နေတဲ့ မောင်မယ်ရှောင်ရွာထဲဝင်ပြီး နေအိမ်တွေက ပစ္စည်းတွေ ဝင်ယူနေတဲ့ စစ်ကောင်စီတပ်ကို သွားတိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်သား ၃ ဦးသေသလို နောက်နေ့ ကင်းပုန်းဝပ်နေတဲ့သူတွေကို သွားတိုက်တာက ၈ ဦးသေတယ်။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး” လို့ ပြောပါတယ်။

မောင်မယ်ရှောင်ကျေးရွာအတွင်း ဇွန် ၁၄ ရက်က ပစ္စည်းဝင်ဖောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၈၀ အရွယ် အဘိုးအိုတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အဲ့နေ့ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အတွင်း စစ်တပ်က လက်နက်ကြီးပစ်လို့ အဘိုးအိုတဦး သေသွားတယ်။ မောင်မယ်ရှောင်ရွာထဲမှာ သူတို့ဖောက်ထွင်းနေတာ ကုန်သလောက်‌ ဖြစ်နေပါပြီ။ ပစ္စည်းတွေ ယူရုံ‌တင်မကဘူး၊ ရွာထဲမှာကျန်ခဲ့တဲ့ ရွာသားတွေကိုလည်း ရိုက်တယ်။ နောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ဖျက်ဆီးတယ်။”

တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဥဩစစ်ကြောင်းနဲ့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ DGRF တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ထားဝယ်မြို့ကနေ ၇ မိုင်သာကွာ‌‌ဝေးပြီး အိမ်ခြေ ၁,၂၀၀ ရှိတဲ့ မောင်မယ်ရှောင်ကျေးရွာဟာ စစ်ကောင်စီစစ်ကြောင်းထိုးတာကြောင့် မေလအကုန်တည်းက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာမှာ ဇွန် ၁၇ ရက် နေ့လယ် ၂ နာရီလောက်က ၃၀၆ အမြောက်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီအမြောက်တပ်က ၁၂၀ မမ အမျိုးအစား လက်နက်ကြီးတွေနဲ့ ၆ ချက်အထိ ပစ်ခတ်ခဲ့တယ်လို့ သိရပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသားဖြစ်သူ မတ်စီလွ ဆိုသူမှာ နေအိမ်အတွင်း အိပ်နေစဥ် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာဖြစ်တယ်လို့ ကျေးရွာနေပြည်သူတဦးက ပြောပါတယ်။

‌အနောက်မော်တုန်းရွာခံ အမျိုးသမီးတဦးက “ကျမတို့အိမ်နားမှာ ကျတာပါ။ ကျောမှာတော့ ဒဏ်ရာအနည်းငယ် ရထားပါတယ်။ လက်နက်ကြီးမပစ်ခင် ဘန်းလမွတ်နားက တောင်မှာ စစ်သားတွေရှိတဲ့နေရာကို PDF‌ တွေ ဗုံးသွားချလို့ ပြန်ပစ်တာပါ” လို့ ပြောပါတယ်။

လက်နက်ကြီးထိမှန်သူ အသက် ၁၈ နှစ်အရွယ် မတ်စီလွကို ပဝကျေးရွာဆေးရုံမှာ ကုသထားပေမဲ့ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့တာကြောင့် စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီမတိုင်ခင် မနက်ပိုင်းကလည်း အနောက်မော်တုန်းကျေးရွာအနီးရှိ ဘန်းလမွတ်ကျေးရွာနားက ဘုရားစေတီတောင်ပေါ်မှာ လမ်းကင်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို တနင်္သာရီမြို့နယ် ပကဖအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။

“ဒရုန်းနဲ့ သွားချတာပါဗျာ။ ဘုရားတောင်မှာ လမ်းကင်းချထားတဲ့ စကစ တပ်သားတွေပါ။ အထိုင်စခန်း မဟုတ်ပါဘူး။ အခုရက်ပိုင်းမှာ စစ်ကြောင်းထိုးနေလို့ လမ်းကင်းတွေ လိုက်ချထားတာပါ။”

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ အတည်ပြုလို့ မရနိုင်သေးဘူးလို့ သိရပြီး ဗုံးသီးချ တိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက်မှာ ၃၀၆ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ အနောက်မော်တုန်းရွာထဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဇွန် ၁၃ ရက်ကလည်း တကူတိုက်နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်အေးရွာသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တအိမ် ကျည်စထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013