Home
နိုင်ငံတကာ
ယူကရိန်းဆွေးနွေးပွဲတွင် ရုရှားကိုရှုတ်ချရန် ဘက်မလိုက်နိုင်ငံများ လက်ရှောင်
DVB
·
June 17, 2024
Photo-Reuters

ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အနောက်အင်အားကြီးတွေနဲ့ မဟာမိတ်နိုင်ငံတွေက ရုရှားကျူးကျော်မှုကို ရှုတ်ချခဲ့ကြပေမဲ့ အဓိကကျတဲ့ ဘက်မလိုက်နိုင်ငံတွေကတော့ အပြီးသတ် ထုတ်ပြန်ချက်မှာ ပူးပေါင်းပါဝင်မှုမရှိဘဲ လက်ရှောင်ခဲ့ကြပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲ ထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပဖို့ကိုလည်း ဘယ်နိုင်ငံကမှ ကတိခံမပေးခဲ့ကြပါဘူး။

ဆွစ်ဇာလန်နိုင်ငံ အယ်လ်ပိုင်းတောင်တန်းဒေသ အပန်းဖြေစခန်းမှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို နိုင်ငံ ၉၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ရုရှားကို ဖိတ်ကြားခဲ့ခြင်းမရှိတဲ့ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးရဲ့ တောင်းဆိုချက်နဲ့ ဆွစ်ဇာလန်က လက်ခံကျင်းပပေးခဲ့တာဖြစ်ပြီး ဒီပွဲမှာ ဘာမှဖြစ်မလာနိုင်ဘူးလို့ ရုရှားက လှောင်ပြောင်ထားပါတယ်။

တရုတ်နိုင်ငံကို ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်ဖို့ ငြင်းခဲ့တာကြောင့် ရုရှားကို ဝိုင်းကြဉ်မယ့် ယူကရိန်းရဲ့ ရည်ရွယ်ချက် မပြည့်ခဲ့ဘူးလို့ ဆိုရမှာပါ။

ဘရာဇီးကလည်း လေ့လာသူအနေနဲ့သာ တက်ရောက်ခဲ့သလို အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ဆော်ဒီအာရေဗျနဲ့ တောင်အာဖရိတို့လို ဘက်မလိုက်နိုင်ငံ အုပ်စုဝင်တွေကလည်း ဆွေးနွေးပွဲ ကြေညာချက်မှာ လက်မှတ်မထိုးခဲ့ကြပါဘူး။

အမေရိကန်ဒုတိယသမ္မတ ကမ်မလာဟဲရစ်၊ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ဟာ ဘာဂန်စတော့ တောင်ထိပ်အပန်းဖြေစခန်းမှာ စုဝေးခဲ့ကြပါတယ်။

ဒါပေမဲ့ ဥရောပမှာ ဂျီ-၇ လာတက်ရင်း လမ်းကြုံတဲ့ သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ဇလန်းစကီးက လူသိရှင်ကြားဖိတ်ပေမဲ့ ကိုယ်တိုင်မတက်ဘဲ ဒုသမ္မတအဆင့်ပဲ လွှတ်ခဲ့တာပါ။

ဒီပွဲလာတက်တဲ့သူတွေဟာ ဇလန်းစကီး ဘာလုပ်နေမှန်း မသိသလို သူဘာအဆင့်ရှိမှန်းလဲ မသိဘူးလို့ ရုရှားသမ္မတဟောင်းနဲ့ လုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က လှောင်ပြောင်ခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024