DVB Logo
Home
မြန်မာသတင်း
ထိုင်းအရှေ့ပိုင်းက လုပ်ငန်းခွင်များတွင် မြန်မာအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
June 17, 2024
ထိုင်းအရှေ့ပိုင်းက လုပ်ငန်းခွင်များတွင် မြန်မာအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရ
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ် ချွန်ဘူရီ၊ ရယောင်း၊ ကျန်ထဘူရီ ခရိုင်တွေက ဒူးရင်းခြံ၊ ရာဘာခြံ၊ သစ်စက်၊ လှေလုပ်သား၊ စက်ရုံအလုပ်ရုံ စတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အများအပြား ကြုံနေရတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။

အထူးသဖြင့် မွေးမြူရေးနဲ့ ခြံလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ခလစာ ပြည့်ပြည့်ဝဝ မရရှိတာ၊ တလမှာ အလုပ်လုပ်ရက် ၁၀ ရက်၊ ၁၅ ရက်သာရှိပြီး ကျန်ရက်တွေ အလုပ်မရှိတာကြောင့် ဝင်ငွေမရှိဘဲ စားဝတ်နေရေး အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

ချွန်ဘူရီ စက်ရုံတရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတဦးက “ဒီက အလုပ်သမားတွေက လုပ်ခလစာ တနေ့ကို ၃၆၁ ဘတ် ရတယ်။ အရင်တုန်းကတော့ ၃၃၀ ဘတ်၊ တိုးပေးတာတော့ မကြာသေးဘူး။ နှစ်ကုန်ပိုင်းလောက်က တိုးပေးတာ။ လစာက လောက်ငမှုမရှိဘူး။ တလကို ၁၀ ရက်လောက်ပဲ အလုပ်ဆင်းရတယ်။ ကျန်တဲ့ရက်တွေက အလုပ်လည်းမရှိ၊ ဝင်ငွေလည်း မရှိဘူး။ လင်မယားတွဲတွေဆို ဒုက္ခရောက်တယ်လေ။ အဲ့လိုပဲ အလုပ်သမားတွေက ဟိုကရှာစား၊ ဒီကရှာစားပေါ့။ အခုဖြုတ်လိုက်တဲ့ ဆိုဖာစက်ရုံမှာဆိုရင် အလုပ်သမား အယောက် ၂၄၀ မှာ ၃၀ လောက်က အလုပ်ပြုတ်သွားတယ်။ လုံးဝ အလုပ်မရကြသူတွေလည်း ရှိတယ်။ တချို့က လူသစ်တွေ အထောက်အထားလည်း မရှိတော့ သူတို့ကို ဘတ်စာရင်းတင်ပေးမယ်ဆိုပြီး သူဌေးက တယောက်ကို ဘတ် ၁၂,၀၀၀ စီ ဖြတ်ထားတာလည်း ပြန်မပေးဘူး။ အခွင့်အရေး ချိုးဖောက်ခံရတာ အများကြီးပဲ” လို့ DVB ကို ပြောပါတယ်။

ထိုင်းအလုပ်သမားဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ငန်းခွင်အတွင်း ၄ လပြည့်အောင် လုပ်ကိုင်ပြီးပါက အလုပ်ရှင်အနေနဲ့ စာရွက်စာတမ်း ပြုလုပ်ပေးဖို့ တာဝန်ရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်မှာ ၄ လနဲ့ တနှစ်ကြား သက်တမ်းရှိ အလုပ်သမားတွေကို အမြဲတမ်း အလုပ်သမား ဖြစ်လာတဲ့အခါ အလုပ်ရှင်က ပုံမှန်အလုပ်ရှိအောင် ဖန်တီးပေးရမှာဖြစ်ပြီး အလုပ်မရှိခဲ့ဘူးဆိုရင် အလုပ်ရှင်ဘက်က နေ့စဉ်လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်း ပေးရမယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ် ရယောင်း၊ ချွန်ဘူရီ၊ ကျန်ထဘူရီတို့ကို ကွင်းဆင်း ပညာပေးခရီး ရောက်ရှိနေတဲ့ ဦးမိုးကြိုးက သစ်စက်၊ ရာဘာခြံနဲ့ ဒူးရင်းခြံ စတဲ့ လုပ်ငန်းခွင်တွေက အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ တိုင်ကြားလာတာကို ကြုံတွေ့ရကြောင်း ပြောပါတယ်။

“သစ်စက်လုပ်သားတွေလည်း အလုပ်ပုံမှန် မရှိဘူး။ တလမှာ ၁၀ ရက်၊ ၁၅ ရက်ပဲ လုပ်ရတယ်၊ တရက် ၅၀၀ ရတယ်။ ရာဘာခြံလုပ်သားတွေက ဥပဒေပါ လုပ်အားခ မရတဲ့အပြင် အလုပ်က ပုံမှန်မရှိဘူး။ အလုပ်ရှင်က ၇၅ ရာခိုင်နှုန်းပေးဖို့ ပျက်ကွက်တယ်။ အဓိကတော့ အလုပ်ရှင်က အမြဲတမ်းခန့် လုပ်သားမထားဘဲ ၂ လလောက် ခိုင်းလိုက်၊ ၇ ရက် ၁၀ ရက် နားခိုင်းလိုက်နဲ့ လုပ်တယ်။ လုပ်သက်ရင့် အလုပ်သမားတွေကိုလည်း ၇၅ ရာခိုင်နှုန်း မလုပ်ပေးဘူး။ ခြံတောင်ယာ လုပ်သားတွေ၊ မွေးမြူရေး လုပ်သားတွေ ခံနေရတယ်။ သူတို့မှာ ရွှေ့ပြောင်းလုပ်သားဘဝ ပြည့်ပြည့်ဝဝ လုပ်နေပါလျက်နဲ့ တလမှာ ၁၅ ရက် အလုပ်လုပ်၊ ၁၅ ရက် ထိုင်စားဆိုပြီး နေနေရတယ်။ ခရိုင် ၁ ခုမှာ အလုပ်သမားတွေ ၁၀,၀၀၀ နီးပါးလောက် အဲ့လိုကြုံနေရတယ်။”

ချွန်ဘူရီခရိုင်အတွင်း သစ်စက်စက်ရုံတရုံမှာ လုပ်ငန်းခွင်အတွင်း ခြေပြတ်လက်ပြတ် ဖြစ်သွားတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အဲဒီလို ထိခိုက်ဒဏ်ရာရ အလုပ်သမားတွေအတွက် လိုအပ်တဲ့ ဆေးကုသစရိတ် နစ်နာကြေးပေးဖို့ လုပ်ငန်းရှင်က ပျက်ကွက်နေပြီး အလုပ်သမားတွေက ထိခိုက်မှုအတွက် ကိုယ့်တာဝန် ကိုယ်ကုသနေရတယ်လို့ ဆိုပါတယ်။

ချွန်ဘူရီမှာ အလုပ်လုပ်ကိုင်နေတဲ့ ဒေါ်မြင့်က “ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကုရတယ်။ သူဌေး မကုပေးဘူး။ တချို့ဆိုရင် တယောက်က လက်တချောင်းလုံး ဖြတ်ထုတ်လိုက်ရတယ်။ သူဌေးက ပိုက်ဆံပဲ ချေးပေးတယ်။ ဘာစာရွက်စာတမ်းမှ မရှိတော့ ဒီအတိုင်း ကုန်တယ်။ ၄၀,၀၀၀ ကျော်တောင် ကုန်တယ်။ သစ်ဖောက်တဲ့စက်၊ အဲ့စက်ထဲ လက်အိတ်ဝင်သွားတာ။ ဆေးရုံတော့ လိုက်ပို့ပေးတယ်၊ ကုန်ကျစရိတ်တော့ မခံဘူး။ လူသစ်ဆိုတော့ သူတို့ မလုပ်ပေးဘူးပေါ့။ အရှေ့မှာလည်း လူတွေ အများကြီးခံရတာ တပုံကြီး။ တချို့ဆို မျက်လုံးကန်းသွားတဲ့အထိ ကြုံရတယ်။ ပိုက်ဆံပြန်မရဘူး၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပဲ ကုရတယ်။ အလုပ်ပျက်တယ်ဆိုလည်း အလုပ်ပျက်ရက်တွေအတွက် နစ်နာကြေးမရဘူး။ အလုပ်မရှိလည်း ကိုယ့်ဘာကိုယ် ရှာစားရတယ်” လို့ DVB ကို ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အလုပ်သမားအဖွဲ့၊ တာဝန်ရှိသူတွေဆီ မတိုင်ကြားရဲဘဲ တိုင်ကြားခဲ့ရင် လုပ်ငန်းရှင် သူဌေးက အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို လဝက ရဲတွေနဲ့ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ထားတာကြောင့် ကြောက်ရွံ့ပြီး မတိုင်ရဲကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။

“ကိုယ့်အနေနဲ့ကတော့ သူတို့တွေကို တိုင်စေချင်တယ်။ သူတို့တွေကို အခွင့်အရေး ပေးစေချင်တယ်။ မတိုင်ရဲတာက အတွေ့အကြုံ မရှိကြတာလား။ ကရင်တွေ ဖြစ်တာများတယ်။ မတိုင်ရဲတဲ့လူတွေက လက်မှတ်မထိုးပေးတော့ အလုပ်ဖြုတ်ခံရတာ သပ်သပ်ဆိုတော့ ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူး။ ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး နေကြတာ” လို့ အလုပ်သမားတယောက်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မြန်မာတွေ ၆ ဒသမ ၈ သန်းကျော် ရှိပြီလို့ ထိုင်းအခြေစိုက် Media Intelligence Group က ထုတ်ပြန်ထားပြီး အထောက်အထား အပြည့်အစုံရှိတဲ့ အလုပ်သမား အရေအတွက်ကတော့ ၂ သန်းကျော်ပဲ ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်းပြောဆိုပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013