DVB Logo
Home
နိုင်ငံရေး
မောင်တောတွင် စစ်ကောင်စီစခန်း ၂ ခုသာကျန်ရှိ၊ AA က ဆက်လက်ထိုးစစ်ဆင်
DVB
·
June 16, 2024
မောင်တောတွင် စစ်ကောင်စီစခန်း ၂ ခုသာကျန်ရှိ၊ AA က ဆက်လက်ထိုးစစ်ဆင်
Donate to DVB

မောင်တောမှာ စစ်ကောင်စီလက်ကျန်စခန်းနှစ်ခုပဲ ကျန်တော့ပြီး အာရက္ခတပ်တော် (AA) က  ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး AA မျှော်မှန်းတဲ့ Confederate ခရီးဟာလည်း နီးလာပြီလို့ ရခိုင်နိုင်ငံရေးအသိုက်အဝန်းက ပြောပါတယ်။ 

မောင်တောကို ထိုးစစ်ဆင်တဲ့ ပထမအပတ်အတွင်းမှာပဲ တပ်စခန်း ၆ခုကို သိမ်းပိုက်ထားတဲ့ AA ဟာ နောက်ထပ် တပ်စခန်း ၄ ခုလည်း သိမ်းပိုက်လိုက်ပြီလို့ ဇွန်လ ၁၄ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် မောင်တောမြို့နယ်မှာ AA က သိမ်းပိုက်ထားတဲ့ စခန်းပေါင်း ၁၀ ခုအထိ ရှိလာပါပြီ။ 

ဇွန် ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ နခေါင်းတိုစခန်းသိမ်းတိုက်ပွဲမှာဆိုရင် မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့လည်း ULA/AA ဘက်က ထုတ်ပြန်ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူး။ 

လက်ရှိမှာတော့ မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်စခန်း ၂ ခုပဲ ကျန်တော့တာဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောပါတယ်။ 

“ကျန်တာက နခခ (၅) နဲ့ နခခ (၂) ကျန်တယ်။ နှစ်ခုလုံးကိုတော့ AA ဘက်က တိုက်နေတာ။ ဗမာစစ်တပ်ဘက်ကတော့ လေယာဉ်တွေနဲ့ တောက်လျှောက် ဗုံးလာချနေတာပဲ။ တိုက်ပွဲကတော့ ခုထိပြင်းနေတုန်းပဲ။”

မောင်တောမှာ လက်ကျန်စခန်း ၂ ခုပဲကျန်တော့တာကြောင့် စစ်ကောင်စီအနေနဲ့ မကြာခင်လက်လွှတ်ရမယ့် အခြေအနေဖြစ်သွားပြီလို့ ရခိုင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဉီးဖေသန်းက ပြောပါတယ်။

တကယ်လို့ မောင်တောကျသွားရင်တော့ ULA/AA အနေနဲ့ မိုင်ပေါင်း ၁၇၀ ဝန်းကျင်ရှည်လျားတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်လုံးကို ထိန်းချုပ်သွားနိုင်မှာဖြစ်သလို မြောက်ဘက်ပိုင်းက ထိန်းချုပ်နယ်မြေတွေဟာ တဆက်စပ်တည်းဖြစ်သွားမှာပါ။ 

ဒါ့ပြင် မြို့တော်စစ်တွေကိုလည်း ဝိုင်းပတ်ပြီးသားဖြစ်တာကြောင့် ULA/AAအတွက် အကျိုးအများကြီး ဖြစ်သွားစေလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကြောင့် ULA/AA မျှော်လင့်ထားတဲ့ Confederate ဟာ နီးလာပြီလို့လည်း ဦးဖေသန်းက ပြောပါတယ်။

“သူ့ဘက်က ရခိုင်ပြည်မြောက်နေ တောင်အထိ အကုန်လုံး ထိန်းချုပ်ထားပြီးဖြစ်သလို တချို့နေရာတွေမှာ တိုက်ပွဲဖြစ်နေတာတွေလည်းရှိတယ်။ ULA/AA ဘက်က မကြာခင် အနိုင်နဲ့ ပိုင်းနိုင်တယ်။ အဲတော့ ရခိုင်ပြည်တပြည်လုံး ULA/AA ဘက်ကို ရောက်သွားလိမ့်မယ်။ အဲဒီအချိန်မှာ သူတို့ လိုချင်တဲ့ Confederate ပေါ့။ အဲ့တော့ သူတို့ မျှော်မှန်းသလို ဖြစ်လာနိုင်ခြေ အများကြီးရှိတယ်ပေါ့။ ဆွေးနွေးကြမယ်ဆိုရင်တောင် ကိုယ့်ဘက်က အားသာချက်တွေအများကြီးရှိတယ်။" 

AA က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်တို့နဲ့ ချင်းပြည်နယ် ပလက်ဝ စုစုပေါင်း ၁၀ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့  မောင်တော၊ အမ်း၊ သံတွဲ စတဲ့မြို့နယ်တွေမှာလည်း အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013