
သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ပေးဖို့၊ သက်တမ်းတိုးပေးရေးနဲ့ တရားမျှတတဲ့ ကြားအဖွဲ့ ဝင်ရောက် ညှိနှိုင်းပေးဖို့ လာမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဆိုတရပ် တင်သွင်းဖို့ ရှိနေပါတယ်။
[caption id="attachment_65614" align="alignright" width="300"]
သိမ်းဆည်းမြေ ပြန်ရရေး အိမ်မဲမြို့တွင် ပြီးခဲ့သည့် မေ ၅ ရက်နေ့က ဆန္ဒထုတ်ဖော်နေကြစဉ်[/caption]
သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး မိုးသီးနှံ စိုက်မြေကို ဇွန်လ မကုန်မီနဲ့ ဆောင်းသီးနှံ စိုက်မြေကို စက်တင်ဘာလ မတိုင်ခင် ပြီးပြတ်အောင် ဖြေ ရှင်းပေးဖို့ ပြည်ထောင်စု လွှတ်တော် နာယကက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ထံ စာရေး အကြောင်းကြား ခဲ့ပါတယ်။
ဒါပေမယ့် သိမ်းဆည်းထားသူတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရဲ့ အချိန်မီ ကိုင်တွယ်မှု မလုပ်တာတွေကြောင့် မြန်မာပြည် တ၀န်းလုံးက မြေယာ ပြဿနာ အားလုံးနီးပါးကို ပြီးပြတ်အောင် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် မအူပင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက မြေယာ ပြဿနာတွေ အမြန်ဆုံး ဖြေရှင်းပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ဥပဒေတရပ် ပြဋ္ဌာန်းနိုင်ဖို့ အခု ကျင်းပ ပြုလုပ်မယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အဆိုတရပ် တင်သွင်းသွားမှာ ဖြစ်ပါတယ်။










