DVB Logo
Home
နိုင်ငံတကာ
ဆူဒန်တွင် အယ်လ်ဖာရှီယာမြို့ကို ဝိုင်းရံထားမှု ရပ်တန့်ရန် လုံခြုံရေးကောင်စီ တောင်းဆို
DVB
·
June 14, 2024
ဆူဒန်တွင် အယ်လ်ဖာရှီယာမြို့ကို ဝိုင်းရံထားမှု ရပ်တန့်ရန် လုံခြုံရေးကောင်စီ တောင်းဆို
Donate to DVB

ဆူဒန်မြောက်ပိုင်း ဒါဖာဒေသရှိ လူပေါင်း ၁ ဒသမ ၈ သန်းနေထိုင်တဲ့ အယ်လ်ဖာရှီယာမြို့ကို အမြန်ထောက်ပို့ရေးတပ်ဖွဲ့ (RSF) က ဝိုင်းရံထားမှုကို ရပ်တန့်ဖို့နဲ့ အဲဒီဒေသမှာ တိုက်ပွဲ ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇွန် ၁၃ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

ကျယ်ပြောလှတဲ့ အနောက်ဒါဖာဒေသမှာ RSF ထိန်းချုပ်မှုအောက်မှာ ရှိမနေတဲ့ အယ်လ်ဖာရှီယာမြို့ရှိ အရပ်သားတွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ တိုက်ခိုက်ရေးသမားတွေအားလုံး ဆုတ်ခွာပေးဖို့ ဗြိတိန်ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီက အတည်ပြု ချမှတ်ခဲ့တာပါ။

ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်က “မြို့ကိုတိုက်ခိုက်ရင် ဘေးဆိုးကပ်ဆိုး ဖြစ်စေနိုင်တာကြောင့် ဒီရက်စက်ကြမ်းကြုတ်ပြီး တရားမမျှတတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ လိုအပ်တယ်” လို့ လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။

ဗြိတိန်ရေးဆွဲတဲ့ ဆုံးဖြတ်ချက်ဟာ ထောက်ခံမဲ ၁၄ မဲရရှိပြီး ရုရှားက ကြားနေခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းန်ဖီးလ်ဒ်က  “အယ်လ်ဖာရှီယာ ပြည်သူတွေ ပိတ်မိနေပြီး သူတို့ကို RSF လက်နက်ကြီးတပ်ဖွဲ့က ဝန်းရံထားလို့ မရေရာတဲ့ အခိုက်အတန့် ဖြစ်နေတယ်” လို့ ပြောပါတယ်။

အစားအစာ၊ ရေ၊ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ ကုန်ခန်းနေပြီး အစားအစာ စတင်ခေါင်းပါးနေကာ အကြီးစား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် နောက်ထပ် အကြမ်းဖက်မှုတွေရဲ့ ခြိမ်းခြောက်မှုတွေပါ ကြီးကြီးမားမား စိုးရိမ်စရာ ဖြစ်လာပြီလို့လည်း ဆိုပါတယ်။

အယ်လ်ဖာရှီယာရဲ့ ပင်မဆေးရုံကြီးကို RSF အဖွဲ့က တိုက်ခိုက်ခဲ့ပြီး ဆေးရုံလုပ်ငန်းတွေလည်း ရပ်ဆိုင်းခဲ့ကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဧပြီလနဲ့ မေလအတွင်း တိုက်ပွဲတွေကြောင့် မြို့တွင်းနေထိုင်သူ ၁၃၀,၀၀၀ လောက်ဟာ မြို့တွင်းမှ ထွက်ပြေးခဲ့ကြရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ထွက်ပြေးလာသူတွေဟာ RSF ထိန်းချုပ်ထားတဲ့ အဓိကလမ်းမကြီးပေါ်မှာ တိုက်ခိုက်ခံရတာကြောင့် ထွက်ခွာတာကလည်း အန္တရာယ်ရှိနေတာပါ။

လုံခြုံရေးကောင်စီဟာ အရပ်သားတွေကို အယ်လ်ဖာရှီယာရဲ့ အတွင်းဘက်ရော အပြင်ဘက်တွေရှိ လုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့ခွင့်ပြုဖို့ စစ်ပွဲအဖွဲ့တွေကို တောင်းဆိုထားပါတယ်။

လုံခြုံရေးကောင်စီဟာ ပဋိပက္ခနဲ့ မတည်မငြိမ်ဖြစ်မှုကို တွန်းအားပေးဖို့ ကြိုးပမ်းတဲ့ ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ဖို့ နိုင်ငံတွေကို တိုက်တွန်းထားပြီး ပဋိပက္ခမှာ ပါဝင်သူအားလုံးနဲ့ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ဒါဖာကို လွှဲပြောင်းရာမှာ ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့ဝင်နိုင်ငံတွေကိုလည်း လက်နက်ရောင်းချမှုဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို လိုက်နာရမယ့် သူတို့ရဲ့ တာဝန်ဝတ္တရားတွေကိုလည်း သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်လေ့လာသူတွေကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ဟာ RSF ကို စစ်ရေးအရ ပံ့ပိုးပေးခဲ့ကြောင်း ယုံကြည်လောက်စရာ စွပ်စွဲချက်တွေ ထုတ်ဖော်ခဲ့ပြီး UAE ကတော့ ငြင်းဆိုထားပါတယ်။

ဆူဒန်လူဦးရေ ထက်ဝက်နီးပါးဖြစ်တဲ့ လူပေါင်း ၂၅ သန်းနီးပါးဟာ အကူအညီတွေ လိုအပ်နေပြီး ၈ သန်းလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

RSF နဲ့ မဟာမိတ် အာရပ်ပြည်သူ့စစ်တို့ ကြိုးကိုင်လုပ်ဆောင်ခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှုကြောင့် မနှစ်က အနောက်ဒါဖာရှိ မြို့တမြို့တည်းမှာပဲ လူ ၁၀,၀၀၀ မှ ၁၅,၀၀၀ ကြား သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ဒဏ်ခတ်မှုစောင့်ကြည့်ရေး အစီရင်ခံစာအရ သိရပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013