Home
မြန်မာသတင်း
ဖားကန့်တွင် မြေပြိုကျပြီး ရေမဆေးသမား ၁ ဦး သေဆုံး၊  ၃ ဦးထိခိုက်
DVB
·
June 13, 2024
Photo - ၂၀၂၄ ခုနှစ်၊ ဇွန် ၁၃ ရက် မနက်ပိုင်း၊ သာယာကုန်းရွာနားက လုပ်ကွက်ပြိုကျမှုဖြစ်စဉ်အပြီး မြင်ကွင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာ၊ သာယာကုန်းရွာနားက ကျောက်မျက်တူးဖော်နေတဲ့ နဂါးလုပ်ကွက်အဟောင်းမှာ ဇွန် ၁၃ ရက် ဒီနေ့မနက်က  မြေပြိုကျလို့ ရေမဆေးသမား ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ခဲ့ကြောင်း အနီးဝန်းကျင်မှာနေတဲ့ ဒေသခံက ပြောပါတယ်။

မိုးရာသီကာလမှာ အန္တရာယ်များတာကြောင့် ခေတ္တပိတ်ထားတဲ့ အဲဒီလုပ်ကွက်မှာ  ဒီမနက်အစောပိုင်းက ဝင်ရောက်လုပ်ကိုင်တဲ့ ရေမဆေးသမားတွေ ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖားကန့်ဒေသခံတဦးက “အလောင်းက ၁ လောင်း ပြန်ရတယ်။ ၃ ယောက်ကတော့ ဒဏ်ရာရတာပေါ့။ ဆေးရုံရောက်သွားပြီလေ။ ပြီးတော့ သူတို့တူးလိုက်တဲ့ဒဏ်ကြောင့် အပေါ်မှာလည်း သာယာကုန်းရွာ ရှိတာကိုး။ အိမ်တအိမ် ပါတာပေါ့နော်။ ဘယ်လိုပြောမလဲ တဝက်ပါသွားတာပေါ့။ အဲဒီအိမ်လည်း မကြာခင်ပြိုမယ့်သဘောမှာ ရှိတယ်”လို့ ပြောပါတယ်။

အဲဒီရေမဆေးသမား ၄ ဦးကို သူတို့သူဌေးတွေက အန္တရာယ်ရှိမှန်းသိသိနဲ့ ဝင်ရောက်လုပ်ကိုင်ခိုင်းတာလို့ ဒေသခံက ပြောပေမယ့် DVB အနေနဲ့သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

သေဆုံးနဲ့ ဒဏ်ရာရခဲ့တဲ့ ရေမဆေးသမားတွေရဲ့ အမည်နဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၃ ရက်ကလည်း မနကျေးရွာနားက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မှာ မြေပြိုပြီး လူ ၃၇ ဦးလောက် ပါသွားခဲ့ပါသေးတယ်။ ၂၀၂၀ ပြည့်နှစ်ကလည်း  ဖားကန့်ဒေသမှာ မြေစာပြိုကျမှုကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။

ဖားကန့်မြို့နယ်က သယံဇာတတူးဖော်တဲ့ လုပ်ကွက်တွေက ထွက်ရှိတဲ့ စွန့်ပစ်မြေစာပုံတွေကြောင့် မြေပြို၊ ကျင်းပြိုမှုတွေ၊ နွံကန်ပေါက်မှုတွေကြောင့် နှစ်စဉ်ဆိုသလို ကျောက်စိမ်းတူးဖော်သူများစွာ သေဆုံးနေရတာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024