DVB Logo
Home
မြန်မာသတင်း
စီးပွားရေးအကျပ်အတည်းကြောင့် တက္ကသိုလ်ပညာရေး ရှေ့ဆက်နိုင်ရန် အခက်အခဲဖြစ်နေ
DVB
·
June 12, 2024
စီးပွားရေးအကျပ်အတည်းကြောင့် တက္ကသိုလ်ပညာရေး ရှေ့ဆက်နိုင်ရန် အခက်အခဲဖြစ်နေ
Donate to DVB

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားကြပေမဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ကျောင်းသားကျောင်းသူတချို့ တက္ကသိုလ်ပညာရေးရှေ့ဆက်နိုင်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။ 

မြန်မာနိုင်ငံမှာ ၁၂ တန်း ပညာရေးစနစ်ရဲ့ ပထမဆုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အောင်မြင်မှု ရာခိုင်နှုန်း ၅၇ ရခိုင်နှုန်းကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

တနိုင်ငံလုံးအတိုင်းအတာအရ အောင်မြင်သူ ၇ သောင်းကျော်သာရှိပြီး အဲဒီထဲက ကျောင်းသားကျောင်းသူ အများစုက စီးပွားရေးအကျပ်အတည်းကြောင့် တက္ကသိုလ်ဆက်တက်နိုင်ဖို့ အခက်အခဲ ဖြစ်နေကြပါတယ်။

ကျောင်းသားမိဘတဦးက “မစဥ်းစားနိုင်ဘူး။ မိဘတွေက စီးပွားရေးကျပ်တည်းတဲ့ အချိန်ဆိုတော့လည်း  အဝေးသင်တက်တာများတယ်။ အခုလည်း အမျိုးတွေက အဝေးသင်တက်တဲ့။ အလုပ်လုပ်ရင်းနဲ့ပဲ။ အဲ့ဒါဆိုတော့ ကျမကလည်း မုဆိုးမဖြစ်တဲ့အခါကျတော့ ကျုရှင်တက်ဖို့၊ ကျောင်းတက်ဖို့ကို အမျိုးတွေက ဝိုင်းပြီး ထောက်ပံ့ပေးခဲ့တာ။ တနှစ်ကျော်ကတည်းက အခုချိန်ထိကိုပဲ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်အတွင်း ဆန်ကြမ်းတပြည် ၅ ထောင်နီးပါးနဲ့ ဆန်ချောတပြည် ၁ သောင်းနား ရောက်လာပြီး အခြားလူသုံးကုန်နဲ့ စားကုန်တွေကလည်း ဈေး ၃ ဆတက်လာချိန်မှာ အများပြည်သူရဲ့ ဝင်ငွေက တိုးလာတာမရှိသလို ပိုပြီးဆုတ်ယုတ်လာပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခတွေ၊ ကုန်သွယ်ရေးဆိုင်ရာအတားအဆီးတွေကြောင့် ကျပ်ငွေတန်ဖိုး မတည်ငြိမ်တာတွေ၊ ငွေကြေးဖောင်းပွမှုစတဲ့အခြေနေပေါင်းစုံတို့က မြန်မာပြည်သူလူထုကို ပိုပြီးအကျပ်တည်းဖြစ်လာစေတယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဆက်တက်ဖို့ ဆိုတာထက် အခြေခံပညာသင်ကြားရေးမှာတောင် ကုန်ကျစရိတ်တွေ များလာတာကြောင့် အကျပ်အတည်းကြားကနေ ကျောင်းအပ်ခဲ့ရတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

“မိဘတွေအခက်အခဲက ကျောင်းအပ်တာက မကုန်ဘဲနဲ့ ဟိုဟာဖိုး၊ ဒီဟာဖိုး အကုန်လုံး အခက်အခဲတွေ ဖြစ်နေတယ်။ တော်ရုံတန်ရုံ တော်တော်ဒုက္ခရောက်တဲ့သူတွေဆို ကလေးတွေ ကျောင်းမထားနိုင်တော့ဘူး။ အခုပဲကြည့် မုန့်ဖိုးက ၅၀၀၊ ၁၀၀၀ ပေးလို့မရဘူး။ မုန့်ဟင်းခါးတပွဲတောင် ၁၂၀၀၊ ၁၅၀၀ ဖြစ်နေပြီ။ ကလေးတွေ အဲ့ဒီမုန့်ဖိုး ဒုက္ခတွေလည်း အများကြီးပဲ။ ဒီခေတ်ကာလမှာ တော်တော်ကို ဒုက္ခရောက်နေကြတာ၊ လူတန်းစားမရွေးဘဲ။”

စစ်ကောင်စီလက်အောက်မှာ တက္ကသိုလ်ဝင်စားမေးပွဲဝင်ရောက်ဖြေဆိုမှုက အရင်နှစ်ကထက် ဖြေဆိုသူ နည်းပါးလာပြီး အောင်ချက်ရာခိုင်နှုန်းတွေလည်း ကျဆင်းခဲ့သလို တနိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းဖြေဆိုသူဦးရေက အရင်နှစ်ကထက် ၃၃,၀၀၀ ကျော် လျော့နည်းခဲ့ပါတယ်။  

အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်စဉ်ဝင်ရောက်ဖြေဆိုသူ ၉ သိန်းနီးပါး ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံတဝန်းတိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ကျောင်းသားအများအပြားက ကျောင်းမတက်နိုင်ကြတော့ပါဘူး။

စစ်ကောင်စီကတော့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းတွေ စတင်ဖွင့်လှစ်နေပါပြီ။ ဒါပေမဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေများလာပြီး စာသင်ကျောင်းတွေ အများအပြား ပိတ်ထားရဆဲဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူ ၆ ဒသမ ၃၉ သန်း ရှိတယ်လို့ ဇွန် ၂ ရက်က ထုတ်ပြန်ထားပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013