DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် စီစဉ်နေတဲ့ တွေ့ဆုံဆွေးနွေးပွဲ ဘယ်လဲ
DVB
·
June 11, 2024
စစ်ခေါင်းဆောင် စီစဉ်နေတဲ့ တွေ့ဆုံဆွေးနွေးပွဲ ဘယ်လဲ
Donate to DVB

အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု ကျင်းပဖို့ စစ်ခေါင်းဆောင်က စီစဉ်နေတာဟာ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့နဲ့ ရွေးကောက်ပွဲအလွန်နိုင်ငံရေး အခင်းအကျင်းကို ဖော်ဆောင်ဖို့ ဖြစ်နိုင်တယ်လို့  နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်အဖွဲ့တွေဘက်က သုံးသပ်ပါတယ်။ 

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ စစ်တပ် အာဏာသိမ်းလိုက်တဲ့အချိန်ကတည်းက ပျက်သွားပြီလို့ ဥပဒေပညာရှင်တွေနဲ့ အပစ်ရပ်အဖွဲ့တွေဘက်က ပြောဆိုကြပေမဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA စာချုပ်ပါအတိုင်း ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်အဖွဲ့တွေအားလုံး ပါတဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဇွန် ၈ ရက် စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကအခု တွေ့ဆုံဆွေးနွေးမယ်လို့ပြောပေမယ့် ဒီကနေ့အထိတော့ သက်ဆိုင်ရာအဖွဲ့တွေကို  ဖိတ်ကြားလာတာမရှိသေးပါဘူး။

လူထုက တင်မြှောက်ထားတဲ့အစိုးရနဲ့ လွှတ်တော် ရှိမနေဘဲ NCA စာချုပ်အရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်လို့မရတာကြောင့် စစ်ခေါင်းဆောင်က ကြိုးစားနေတဲ့တွေ့ဆုံ ဆွေးနွေးပွဲဟာ ကျင်းပမယ့် ရွေးကောက်ပွဲအောင်မြင်ဖို့နဲ့ ရွေးကောက်ပွဲအလွန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာတွေကို ဆွေးနွေးကောင်းဆွေးနွေးနိုင်တယ်လို့ နိုင်ငံရေးပါတီတချို့က သုံးသပ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်ဆိုရင်လည်း ပြင်မယ့်အကြောင်းအရာပေါ် မူတည်ပြီးတော့ ပြင်ဆင်ရေး မူဘောင်လေးတွေ ရှိတယ်။ တပ်ချုပ်ကြီးက သူ တာဝန်ယူထားမယ့်အချိန်မှာ NCA လမ်းကြောင်းအရပဲ သွားမယ်လို့ပြောထားတော့ လက်ရှိမှာ ရွေးကောက်ခံအစိုးရလည်း မရှိ၊ ရွေးကောက်ခံလွှတ်တော်လည်း မရှိတဲ့အခါမှာ အဲဒီလိုအပ်ချက်တွေအရ ပေါင်းစည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်တဲ့အဆင့်ထိတော့ ဒီကာလမှာ လုပ်လို့မရဘူးလို့ မြင်ပါတယ်”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ပြုလုပ်လိုတဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ လက်ရှိကြုံတွေ့နေရတဲ့ စစ်ရေး နိုင်ငံရေးနဲ့ အထွေထွေအကျပ်အတည်းကို ကျော်လွန်ချင်တဲ့ ဆောင်ရွက်မှုတခုသာဖြစ်ပြီး တိုင်းပြည်နဲ့လူထုအပေါ် စိတ်စေတနာအမှန်နဲ့ ပြုလုပ်လိုတာမဟုတ်ဘဲ နိုင်ငံရေးထွက်ပေါက်ရှာပြီး အာဏာဆက်လက်တည်မြဲရေးအတွက်သာ ဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

လက်ရှိအချိန်ထိတော့ NCA လမ်းကြောင်းအရ တွေ့ဆုံဆွေးနွေးလိုတဲ့ စစ်ခေါင်းဆောင်ဟာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ တရားဝင်ဖိတ်ကြားလာတာ မရှိသေးပါဘူး။

အပစ်ရပ်အဖွဲ့တွေဘက်ကတော့ အရင်ကတည်းက တောင်းဆိုတဲ့အချက် ၃ ချက်ပေါ်မှာသာ ဆွေးနွေးသွားမှာဖြစ်တယ်လို့  NCA အပစ်ရပ် ၇ ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့် က  ပြောပါတယ်။

“NCAကတော့ သူ့ရဲ့ယန္တရားတွေလည်း ရပ်တန့်ခဲ့ပြီ။ မလုပ်နိုင်မကိုင်နိုင်တာလည်း ကြာခဲ့ပါပြီ။ ကျနော်တို့အနေနဲ့ကတော့ NCA အနှစ်သာရအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်။ သက်ဆိုင်သူအားလုံး ပါဝင်စေချင်တယ်။ လက်ရှိ ကြုံနေရတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာမှုအကူညီပေးရေးဆို တဲ့အချက် ၃ ချက်ကိုပဲ ဆွေးနွေးသွားမှာပါ။”

စစ်ကောင်စီဟာ အာဏာစသိမ်းခဲ့တဲ့အချိန်ကတည်းကနေ ဒီကနေ့အချိန်ထိ နိုင်ငံရေးပါတီတွေ အပစ်ရပ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပေမဲ့ တိကျသေချာတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရရှိခဲ့တာမရှိဘဲ ရွေးကောက်ပွဲ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးရေးကိုသာ တစိုက်မတ်မတ် တိုက်တွန်းခဲ့တာပါ။

ဒါကြောင့် အခုတွေ့ဆုံဆွေးနွေးမှုလုပ်မယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ ဟန်ပြသက်သက်သာဖြစ်ပြီး နိုင်ငံတကာရဲ့ ဖိအားလျော့နည်းဖို့နဲ့ နိုင်ငံရေးထွက်ပေါက်ရှာနေတဲ့ နည်းလမ်းသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ပြောဆိုပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013