DVB Logo
Home
မြန်မာသတင်း
PJ မှ PV ပတ်စ်ပို့သို့ ပြောင်းလဲခွင့် ပိတ်ထားသဖြင့် ပြည်ပထွက်လိုသူများ အခက်ကြုံ
DVB
·
June 10, 2024
PJ မှ PV ပတ်စ်ပို့သို့ ပြောင်းလဲခွင့် ပိတ်ထားသဖြင့် ပြည်ပထွက်လိုသူများ အခက်ကြုံ
Donate to DVB

ပြည်ပမှာ အလုပ်သွားလုပ်မယ့်သူတွေအတွက် ထုတ်ပေးတဲ့ PJ (Passport for Job) နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ကနေ အလည်အပတ်ပတ်စ်ပို့  PV (Passport of Visit) ပြောင်းလဲ လျှောက်ထားခွင့် စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကနေ သက်တမ်းရှိ PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို PV အလည်အပတ်ပတ်စ်ပို့ ပြောင်းလဲလျှောက်ထားခွင့် ဇွန် ၆ ရက်ကစလို့ ပိတ်ပင်လိုက်တာကြောင့် ပြည်ပထွက်ဖို့ ပြင်ဆင်နေသူတွေ အခက်အခဲ ဖြစ်ကုန်တယ်လို့ သိရပါတယ်။

မေ ၁ ရက်ကစလို့ ပြည်တွင်းမှာရှိတဲ့ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ပြီးတဲ့နောက် PJ ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေဟာ PV အလည်အပတ် ပတ်စ်ပို့ ပြောင်းလဲလျှောက်ထားပြီး ပြည်ပထွက်ခွာတာတွေ ရှိတာကြောင့် အခုလို ပိတ်ပင်လိုက်တာ ဖြစ်နိုင်တယ်လို့ ပတ်စ်ပို့ရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပတ်စ်ပို့ လျှောက်ထားသူတဦးက “PJ ပတ်စ်ပို့ စာအုပ်ကနေ PV ကို ပြောင်းခွင့်မပေးတော့ဘူးလို့ ဒီလ ၆ ရက်နေ့မှာ ကြေညာလိုက်တာပေါ့။ အဓိကတော့ ဒီစစ်မှုထမ်းဥပဒေ ကြေညာပြီးတဲ့နောက် တော်တော်များများကနေ PV အလည်အပတ် ပတ်စ်ပို့တွေနဲ့ ပြည်ပထွက်ကြတယ်။ တချို့ကလည်း PJ က ထွက်ဖို့ မလွယ်တော့ PV နဲ့ ပြောင်းထွက်ကြတယ်။ PJ ကတော့ လုပ်ငန်းစဉ်များတယ်။ အလုပ်ခေါ်တဲ့ demand letter ရှိရတယ်။ OWIC ကတ်လည်း လိုတယ်။ အဲဒါကြောင့် PV ပြောင်းလုပ်ပြီး နိုင်ငံခြားထွက်တာများလို့ အခုလို ပိတ်လိုက်တယ်လို့ပဲ မြင်တယ်။ ပေါ်လစီကတော့ သူတို့ စိတ်ကြိုက်ပြောင်းနေတာပါပဲ။ အရင်ကလည်း ဒီလို PJ ကနေ PV ပြောင်းမယ်ဆိုရင် ဝန်ဆောင်ခက ၂ သိန်းကနေ ၇ သိန်းလောက်အထိ ယူတယ်။ အမြန်ကြေးနဲ့ဆို ၁၀ သိန်းကျော်တဲ့အထိ ပေးရတယ်”လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ ပြည်ပထွက်ခွာသူ တိုးလာပြီး ပတ်စ်ပို့ လျှောက်ထားသူတွေ များပြားလွန်းတာကြောင့် QR Booking စနစ် ပြောင်းခဲ့သလို QR စနစ်မှာလည်း စောင့်ဆိုင်းရ ကြန့်ကြာတာကြောင့် ပတ်စ်ပို့ အမြန်ရချင်သူတွေအတွက် အမြန်ကြေးပေးပြီး လုပ်ကိုင်တာတွေလည်း ရှိပါတယ်။

လတ်တလောမှာတော့ ရန်ကုန်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ အွန်လိုင်း ဘွတ်ကင်က ၂၀၂၄ ဒီဇင်ဘာလအထိ ရောက်ရှိနေပြီး၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့မှာလည်း အွန်လိုင်း ဘွတ်ကင်စနစ်ကို ၂၀၂၄ ဖေဖော်ဝါရီလက စတင်ပြောင်းလဲခဲ့ပါတယ်။

ဒါ့အပြင် အခြားပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ပတ်စ်ပို့ရုံးတွေကိုလည်း မေလကစတင်ကာ အွန်လိုင်းစနစ် ပြောင်းလဲပြီး နယ်ကျော် လျှောက်ထားခွင့်မပြုကြောင်းလည်း ကြေညာထားပါတယ်။

PJ ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့သူတွေကို အခုလို အလည်အပတ်ပတ်စ်ပို့ ပြောင်းခွင့်မပြုတော့တာကြောင့် ပြည်ပ အလုပ်ထွက်လုပ်ခွင့် ပိတ်ထားချိန်မှာ ပိုအခက်အခဲ ဖြစ်တယ်လို့ ပြည်တွင်းနေထိုင်သူတွေက ပြောပါတယ်။

PJ ပတ်စ်ပို့ ကိုင်ဆောင်ထားသူတဦးက “နိုင်ငံခြားကို ထွက်မယ့်သူတွေအတွက် PJ စာအုပ်သမားတွေ အဆင်မပြေတော့ဘူး။ PJ သမားတွေက OWIC အလုပ်သမားကတ်ရှိမှ လေဆိပ်ကနေ ပေးဖြတ်တာဆိုတော့ PJ သမားတွေအတွက် အခက်အခဲ ဖြစ်တာပေါ့။ အခုက အစိုးရကလည်း PJ သမားတွေ အလုပ်ထွက်ခွင့်ကိုလည်း ပိတ်ထားတော့ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ အလည်အပတ်သွားတာဖြစ်ဖြစ် အခက်အခဲ အများကြီး ကြုံရတာပေါ့။ အခုနောက်ပိုင်း တိုကင်ယူရမယ်ဆို ရန်ကုန်မှာဆို ၁၂ လပိုင်းလောက်ထိ စောင့်နိုင်တယ်ဆို ၁၂ လပိုင်းလောက်မှ တိုကင် ရနိုင်တော့တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းကလည်း PJ အလုပ်အကိုင် ပတ်စ်ပို့နဲ့ PS သင်္ဘောသားပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေကို ဝင်ငွေခွန် ၂ ရာခိုင်နှုန်း အခွန် မဖြစ်မနေ ဆောင်ခိုင်းပြီး အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ သက်တမ်းတိုး ကိစ္စတွေ လုပ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာတွေကို နည်းလမ်းပေါင်းစုံနဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်တာနဲ့ စစ်မှုထမ်းဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးတဲ့နောက် ပြည်ပထွက်သူ ပိုမိုများပြားလာပြီး ပတ်စ်ပို့ လျှောက်ထားသူတွေလည်း ပိုတိုးလာပါတယ်။

ပတ်စ်ပို့ လျှောက်သူတွေ များပြားလွန်းတာကြောင့် ရန်ကုန် ပတ်စ်ပို့ရုံးမှာ တရက်ကို လူ အယောက် ၂၇၀၀ နှုန်းနဲ့ လုပ်ဆောင်ပေးနေပြီး နယ်ပတ်စ်ပို့ ရုံးတွေမှာလည်း နယ်ကျော်လုပ်ခွင့်မပေးတော့ဘဲ သတ်မှတ်လူဦးရေအတိုင်းသာ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ 

 ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013