Home
မေးမြန်းခန်း
စစ်တပ်၏ လုပ်ရပ်အတိုင်း ပြန်ခံစားစေချင်ကြောင်း သားဆုံးရှုံးခဲ့ရသည့် မတောရွာသူ ပြော
DVB
·
June 8, 2024
ဗုံးကြဲခံရမှုကြောင့် သေဆုံးခဲ့ရသူများ
မတောရွာ-ဗုံးကြဲခံခဲ့ရစဉ်
2
1

စစ်တပ်ရဲ့ လုပ်ရပ်အတိုင်း ပြန်ခံစားစေချင်တယ်လို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၀ ထက်မနည်းရှိခဲ့တဲ့ မတောရွာက မိသားစုဝင်တွေ ဆုံးရှုံးခဲ့သူ ရွာသားတွေက ပြောပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မတောရွာမှာပြုလုပ်နေတဲ့ ပကဖအဖွဲ့ဝင် အမျိုးသမီးတဦးရဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က ဇွန် ၃ ရက်နေ့မနက် ၈ နာရီ ၁၅ ဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူ ၄၀ ထက်မနည်းရှိခဲ့တာပါ။ 

သေဆုံးသူတွေထဲမှာ ၁၀ နှစ်အောက်ကလေးသူငယ် ၄ ယောက်ထက်မနည်းပါဝင်ခဲ့ပြီး မင်္ဂလာဆောင်မှာ ဝိုင်းကူတဲ့ ဆယ်ကျော်သက်လူငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။

သားဆုံးရှုံးခဲ့သူ မတောရွာသူ မိခင်တဦးက “ဗိုက်မှန်တာ၊ အူတွေထွက်သွားတာ၊ ကျောင်းသားရှိသေးတယ်။ ၈ တန်းအောင်လို့ ၉ တန်းတက်၊ ကျမတို့က မျှော်လင့်ချက်တွေ အများကြီး၊ သားလေးတယောက်တည်း၊ အခုက မျှော်လင့်ချက်တွေအကုန်လုံး ကုန်ဆုံးသွားပြီ။ သားလေးဖြစ်သလိုပဲ သူတို့လည်း အဲ့လိုဖြစ်စေချင်တယ်။ ရင်ထဲလည်းမခံစားနိုင်ဘူး၊ အကုန်လုံးမြင်ကွင်းကို ကြည့်လို့ကိုမရတာ။ အူတွေထွက်၊ လမ်းတွေမယ် သွေးချောင်းစီးတဲ့အတိုင်း ပုံခဲလို့။ ပြည်သူမှန်းမသိ PDF တွေ တယောက်မှ မလာဘူးဆိုတာ သိလျက်သားနဲ့ သူတို့သက်သက်မဲ့ချသွားတာ။ ပထမတချက် ဒိုင်းကနဲပစ်ပြီးတော့ နောက်ထပ်တချက်ကြ အုန်းကနဲကျတော့ အရှေ့ပိုင်းတပိုင်းလုံးဟာ မီးခိုးကိုမှောင်မဲသွားတာ။ မိသားစုတွေက ပြေးလိုက်လွှားလိုက်၊ ရူးချင်တာလို နှမ်းချင်တာလိုနဲ့ မြင်ကွင်းတွေမြင်ရတော့ ကျမတော့ အခုထိ ထမင်းလည်းစားမရဘူး၊ နေရတာလည်းမကောင်းဘူး။ ဟိုတနေ့ ဆွမ်းစိမ်းတရားနာတော့ လုပ်ပြီးပြီ။ မင်္ဂလာမဆောင်ခင်ကတည်းက ရွာထဲကို မနေဝံ့တာ၊ အုပ်ချုပ်ရေးမှူးတွေ အကုန်လုံးတားထားတယ်၊ လူမှုရေးနဲ့ဆိုပြီးတော့မှ သွားကြလာကြရတာပါ။ ကျမတို့က မျှော်လင့်ချက်တွေလည်း ကင်းမဲ့ပြီ။ သူများဆီက ထိန်းကျောင်းယူထားတဲ့ နွားတွေလည်း ပြန်အပ်တော့မှာ၊ လင်မယားလေး ၂ ယောက်တည်းရှိတော့တယ်။"

မတောရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက်မှာ မင်းကင်းမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်ခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးခဲ့ပါသေးတယ်။ မတောရွာတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူ ၇၀ ဝန်းကျင်အထိ ရှိခဲ့ပြီး လုံလောက်တဲ့ ဆေးဝါးကုသမှုခံယူခွင့် မရကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတောရွာသူတဦးက “မတ်တပ်ကြီးတွေနဲ့ မေ့နေတာတို့၊ ငုပ်တုပ်ကြီးတွေနဲ့ မေ့နေတာတို့၊ သွေးရူးသွေးတမ်းတွေကို လိုက်သွားကြတော့တာ။ တအိမ်တည်းကို ၅ ယောက်ပါတဲ့သူနဲ့ ၂ ယောက်ပါတဲ့သူနဲ့ တမိသားစုလုံးပါတဲ့သူတွေနဲ့ အဲ့လိုတွေဖြစ်နေတာလေ။ သူတို့မှာ ဒုက္ခတွေအများကြီး ရောက်နေကြတာလေ။ သူတို့က ပြည်သူတွေကို ဦးတည်ချက်ထားတာ၊ PDF တွေကို ဦးတည်ချက်ထားတာမဟုတ်ဘူး။ ပြည်သူတွေက PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲပြီးမှ ဒီပြည်သူတွေကို လူမျိုးတုံးရုံတင်မကဘူး သန္ဓေပါကန်းအောင် သူတို့သတ်နေတာလေ။ သူတို့က ပြည်သူကို ပစ်မှတ်ထားတာ။ PDF ကို သေအောင်ကြောက်တာ၊ ပြည်သူကိုပဲ သူတို့ အနိုင်ကျင့်နိုင်တာ သူတို့ရဲ့ဘဝက။ ပြည်သူတယောက်အနေနဲ့ လှေခွက်ချည်းပဲဆန်မယ် အလံလဲမခံဘူး။ လာပါလိမ့်မယ် နင့်အလှည့်ကို ရွှေကျီးညို စောင့်နေလို့ ပြောထားတာ အမက။ မင်းအောင်လှိုင်ကို ကမ္ဘာမကျေဘူးလို့၊ ငါတို့ဘက်က အသက်ကိုယူထားလို့ရှိရင် နင်တို့ဘက်က အသက်ကို တမြို့လုံးပေးရအောင်သာစောင့်နေလို့” လို့ ပြောပါတယ်။

မတောရွာတိုက်ခိုက်ခံရတာအပါအဝင် နိုင်ငံတဝန်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်တာတွေကို ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာတင်ပြပြီး လေကြောင်းရန်ကာကွယ်ရေး နည်းပညာရရှိရေးနဲ့ စစ်ကောင်စီကို လေယာဉ်ဆီ တင်သွင်းခွင့်ပိတ်ပင်ရေးတို့ကို တွန်းအားပေးလုပ်ဆောင်နေတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုထားပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ မိုးထက်နေက “စစ်ရေးသတိကြီးကြီးထားဖို့လိုတယ်လို့ ကျနော်တို့တော့ နားလည်ပါတယ်။ စစ်ကောင်စီသည် ရှေ့မှာဆိုလည်း တိုက်ခဲ့ခိုက်ခဲ့တာတွေ အများကြီးရှိတယ်။ KIA ဒေသမှာရော၊ တခြားဒေသတွေမှာရော ပွဲလမ်းသဘင်တွေ လုပ်နေတဲ့အချိန်မှာ တိုက်တာတွေရှိတယ်။ အဲ့ဒီတော့ ကျနော်တို့က အညာဒေသပဲဖြစ်ဖြစ် ကျနော်တို့ လွတ်မြောက်နယ်မြေလို့ ပြောတဲ့နေရာတွေဟာ စစ်ကောင်စီရဲ့မြေပြင်ထိုးစစ် မြေပြင်ဩဇာလွှမ်းမိုးမှုတွေကတော့ လွတ်မြောက်တယ်ပေါ့နော်။ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီး ပစ်ခတ်မှုဆိုတဲ့ဟာတွေကတော့ ကျနော်တို့ အပြည့်အဝလွတ်မြောက်တယ်လို့ ပြောလို့ မရသေးဘူးပေါ့လေ ဘယ်နေရာဖြစ်ဖြစ်။ အဲ့ဒီတော့ တော်လှန်ရေးရဲဘော်တွေရော ရပ်သူရွာသားတွေရော အုပ်ချုပ်ရေးပိုင်း လုပ်ဆောင်နေတဲ့သူတွေရော ပါးပါးနပ် နပ်ဆောင်ရွက်ဖို့ လိုတယ်ပေါ့၊ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုက အမြဲတမ်းရှိနေနိုင်တယ်ဆိုတဲ့ အသိသတိမျိုးနဲ့ သွားဖို့တော့ တိုက်တွန်းချင်တာပါပဲဗျာ” လို့ ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီအထိ သုံးနှစ်ကျော်ကာလအတွင်း အနောက်မြောက်တိုင်း စစ်ဒေသ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ စုစုပေါင်းလေကြောင်းတိုက်ခိုက်ခံရမှု ၈၂၄ ကြိမ်အထိ ရှိခဲ့ပါတယ်။ ချင်းပြည်နယ်မှာ ၁၈၅ ကြိမ်၊ မကွေးတိုင်းမှာ ၉၆ ကြိမ်နဲ့ စစ်ကိုင်းတိုင်းမှာ ၅၄၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ  ၆၄၃ ဦး သေဆုံးခဲ့ကာ ပြည်သူ ၅၅၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

သုတချမ်းသာ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024