Home
ဆောင်းပါး
ခေတ်ဖျက်စစ်ဓားပြ စဏ္ဍာလများနဲ့ ခေတ်ပျက်ဝိသမ စဏ္ဍာလများ
DVB
·
June 8, 2024
Design-DVB

စဏ္ဍာလဆိုတာ ပါဠိစကားဖြစ်ပြီး အတိတ်ကာလ ခေတ်တခုနဲ့ လူ့အသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်အရ အမျိုးဇာတ်အားဖြင့် နိမ့်ကျတာမို့ တခြားအမျိုးဇာတ်တွေ မလုပ်ချင်တဲ့အလုပ်တွေ ညစ်ပတ်ကြမ်းတမ်းတဲ့အလုပ်တွေ ပြုလုပ် အသက်မွေးရတဲ့သူလို့ အနက်ရပါတယ်။ သုသာန်စောင့် ဒွန်းစဏ္ဍားလို့ မြန်မာမှုပြုကာ ခေါ်ဆိုကြပါတယ်။

တကယ်တော့ စဏ္ဍာလတွေထဲမှာလည်း အတိတ်ကံနဲ့ အကြောင်းအမျိုးမျိုးကြောင့် စဏ္ဍာလဖြစ်ရပေမဲ့ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ စဏ္ဍာလတွေ သုဘရာဇာတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာ ရေးပြချင်တဲ့ သုသာန်စောင့် လူယုတ်မာ စဏ္ဍာလမျိုးတွေလို့ တင်စားချင်တာက ခေတ်ဖျက်စစ်ဓားပြ အာဏာရှင်အသိုင်းအဝိုင်းနဲ့ ခေတ်ပျက်မှာ သူဌေးလုပ်ချင်ကြတဲ့ ဝိဿမလောဘသား စီးပွား‌ရေးသမားတွေပါပဲ။

ဘာ‌ကြောင့်လို့လဲဆိုတော့ လူသေအလောင်းတွေကိုမှီပြီး စားသောက်ရှင်သန်ကြရတဲ့ သုသာန်စောင့် စဏ္ဍာလတွေဆိုတာ သူတပါးတွေငိုယိုပြီး အသုဘချတာ များလေလေ သူတို့အတွက် တွက်ချေကိုက်လေလေမို့ ဒီကနေ့ မြန်မာနိုင်ငံမှာ လက်နက်အားကိုးနဲ့ အာဏာလုယက်ထားကြတဲ့ စစ်မိစ္ဆာ မကောင်းဆိုးဝါးတွေဟာ တိုင်းပြည်ကို ဖျက်ဆီးနိုင်လေလေ ပြည်သူလူထု သေကျေအသက်ဆုံး အညွန့်တုံးရလေလေ သူတို့ရှင်သန်နိုင်မယ်လို့ လွဲမှားစွာယုံကြည်တဲ့ သတ္တဝါဆိုးတွေမို့ ခေတ်ဖျက်စစ်ဓားပြ စဏ္ဍာလတွေလို့ တင်စားရခြင်း ဖြစ်ပါတယ်။

ထို့အတူပဲ ခေတ်ပျက်မှာ သူဌေးလုပ်ချင်ကြတဲ့ ဝိသမလောဘသား စီးပွား‌ရေးသမားတွေ၊ ခရိုနီကြီးငယ်တွေ၊ အလုပ်အကိုင်ရှာဖွေရေးပွဲစား အေးဂျင့်တွေ၊ အဂတိလိုက်စား အကျင့်ပျက် ခြစားဝန်ထမ်းတွေ၊ အာဏာပိုင်ဆိုးတွေ၊ စစ်အာဏာစနစ်အောက် ငရဲကျခံရင်း အခက်တွေ့နေရတဲ့ ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားကုန်တွေ၊ ဆေးဝါးလိုအပ်ရာရာကို ခေတ်ပျက်ချိန် အခွင့်ကောင်းယူပြီး ဈေးတင်ရောင်း စီးပွားရှာသူတွေ၊ သူတပါးချွေးနည်းစာကို မတန်မရာ အမြတ်ထုတ် ချမ်းသာအောင်နေကြသူ ပညာတတ်ဆိုသူတွေ၊ မတော်လောဘသား ကုမ္ပဏီ‌များ စတာတွေအားလုံးကို ခေတ်ပျက်ဝိသမ စဏ္ဍာလများလို့ တင်စားရခြင်း ဖြစ်ပါတယ်။

ဥပမာပြုရရင် မတရားစစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတာရယ်၊ စစ်မှုထမ်းဥပဒေကြောင့် အသက်ဘဝ မလုံခြုံတာမို့ နိုင်ငံတွင်းမှာ မနေလိုတော့ဘဲ ပြည်ပထွက်လုပ်ကိုင်လိုတဲ့ လူငယ်လူရွယ်‌တွေနဲ့ ပြည်သူလူထုအတွက် သရဲမရဲစီး ငွေရှာနေကြတဲ့ ခေတ်ပျက်ဝိသမ စဏ္ဍာလတွေကြောင့် စင်ကာပူထွက် အလုပ်လုပ်ဖို့ ဘယ်လောက်ကုန်ကျမယ်ဆိုတာ အောက်မှာ တွက်ချက်ပြလိုက်ပါတယ်။

၁။ အလုပ်အကိုင်ရှာဖွေရေးပွဲစား အေးဂျင့်ခ သိန်း ၁၀၀ ကျော် (S$ 2700 ~S$ 3250)

၂။ စင်ကာပူနိုင်ငံ Construction Industry Training Institute အသိအမှတ်ပြု C.I.T.I သင်တန်း အောင်လက်မှတ် - သိန်း ၈၀ ကျော် (S$ 2575)

၃။ လေယာဉ်ခ - ၁၄ သိန်း (S$ 450)

၄။ ပွဲစားနဲ့ပတ်စပို့လုပ်ခ - ၂၅ သိန်း

၅။ ပြည်ပအလုပ်လုပ်ကိုင်ခွင့်ကတ် (OWIC) ၆ သိန်း (S$200)

၆။ ဆေ့ဖတီးသင်တန်းခ + အဆောင်နေခ - ၅ သိန်း

ဒါကြောင့် စင်ကာပူကိုထွက်ပြီး နိုင်ငံခြားထွက် အလုပ်လုပ်ဖို့အတွက် အကြမ်းဖျင်း စုစုပေါင်း သိန်း ၂၃၀ ကျော် ကုန်ကျရပါတယ်။ ဒါဟာ ခေတ်ပျက်ဝိသမ စဏ္ဍာလတွေရဲ့ အသေကောင်မှာ လင်းတအုပ်ကြီး ဆွဲရမ်းစားသောက်နေကြသလိုပါပဲ။

ကျောက်စာဝန်တော် ဦးစိန်ခိုရဲ့ မှတ်တမ်းမှာ‌တော့ စဏ္ဍာလ ၄ မျိုးလို့ သတ်မှတ်ထားပါတယ်။

၁။ သုဘရာဇာ - သင်္ချိုင်းတွင်းတူးမြေမြှုပ်သူ။

၂။ ဖုန်းတောင်းစား - သူတပါးထံ ဆုတောင်းပေးပြီးစားရသူ။

၃။ ပြည့်တန်ဆာ - ကာမအားဖြင့် ကိုယ်ကိုအပ်နှင်းပြီး စားသောက်ရသူ မိန်းမ။

၄။ သွေးမစွမ်း - ကုဋ္ဌနူနာ စွဲကပ်သူ။

ဒါပေမဲ့လည်း မန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေဝ လင်္ကာကျမ်းမှာတော့ ‘စဏ္ဍာလငါး၊ အစို့များက’ ဟူ၍ စဏ္ဍာလငါးစို့ ရှိတယ်လို့ ရေးသားထားပါတယ်။

၁။ အစပ်အစို့

အစပ်ဆိုတာ လူသေအလောင်းထည့်သော ခေါင်းပျဉ်၊ ကျင်ပု၊ ခုံ၊ ဇာတာအိမ်၊ တစ်လား၊ စမြင်းတိုင် အလောင်းစင်၊ ဗိတာန် ကြာကလပ်၊ လောင်တိုက်၊ ငှက်ကြီးကာ စတဲ့ အထည်ကိုယ် ဝါးသစ်သားများကို လုပ်ရသောသူကို ခေါ်ပါတယ်။

၂။ အမွှမ်းအစို့

အမွှမ်းဆိုတာကတော့ လူသေအလောင်းစင် သစ်သား၊ ဝါး၊ အထည်ကိုယ်တွေမှာ ဆင်ယင်ဖို့ ပိုးဖဲ၊ ဗုဇွန်ဆီ၊ ကတ္တီပါ၊ ဇာရှံ၊ ရွှေညောင်ရွက်၊ ကျောက်စီ၊ သတောင်းလည်ကြာဆံ ကြာရပ် စတာတွေကို လှပအောင် လုပ်ဆာင်ရတဲ့သူ ဖြစ်ပါတယ်။

၃။ သူကောင်ထမ်းအစို့

ဆိုတာကတော့ လူသေကောင် မသာလောင်း ရွှေ့ပြောင်းခြင်းနဲ့ ဆက်စပ်တာမှန်သမျှ လုပ်ဆောင်ရတဲ့သူ ဖြစ်ပါတယ်။

၄။ တွင်းတူးအစို့

တွင်းတူးဆိုတာက လူသေကောင်ကိုသော်လည်းကောင်း၊ အရိုးကိုသော်လည်းကောင်း၊ မြှုပ်ရန် တွင်းတူးတဲ့အလုပ်နဲ့ ဆက်စပ်တာမှန်သမျှကို လုပ်ဆောင်ရတဲ့သူ ဖြစ်ပါတယ်။

၅။ သင်္ဂြိုဟ်ကိုင် ဆိုတာ လူသေအလောင်းကို မြေမြှုပ်တဲ့အခါ၊ မီးရှို့တဲ့အခါ၊ တံစူးဝါးနဲ့ ကိုင်တွယ် မြေမြှုပ်မီးဖုတ်တဲ့အလုပ်၊ အရိုးကောက်၊ အရိုးမြှုပ်၊ အရိုးမျှော စတဲ့အလုပ်တွေကို လုပ်ရတဲ့သူ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ ခုဒ္ဒကနိကာယ် သုတ္တနိပါတ် - ဝသလသုတ်ထဲမှာ အောက်ပါအချက် ၂၀ ကိုကြည့်ပြီး သူယုတ်မာလို့ သိစေနိုင်ပါတယ်။

၁။ အမျက်ထွက်လေ့ရှိသူ၊ ရန်ငြိုးဖွဲ့တတ်သူ၊ သူတပါးကျေးဇူးကို ချေဖျက်တတ်သူ၊ အယူပျက်စီးသူ၊ လှည့်ပတ်တတ်သူ။

၂။ သတ္တဝါတွေကို ညှဉ်းဆဲသတ်ဖြတ်တတ်သူ၊ သနားကြင်နာမှု မရှိသူ။

၃။ ရွာနိဂုံးတို့ကို ဖျက်ဆီးတတ်သူ၊ ပိတ်ပင်တတ်သူ။

၄။ ပိုင်ရှင်မပေးသော ဥစ္စာပစ္စည်း ဝတ္ထုကို ခိုးယူတတ်သူ။

၅။ သူတပါးကြွေးမြီကို ချေးယူပြီး ပြန်မပေးသူ။

၆။ ပစ္စည်းဥစ္စာကို အလိုရှိ၍ လုယက်သတ်ဖြတ်သူ။

၇။ မိမိကိုသက်သေထား၍ မေးအပ်သည်ရှိသော် အကြောင်း‌ကြောင်းကြောင့် မုသားလိမ်လည်ဆိုသူ။

၈။ သူတပါးသားမယားကို လွန်ကျူးပြစ်မှားတတ်သူ။

၉။ မိအိုဖအိုတို့အား ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်လျက် မကျွေးမွေး မပြုစုသူ။

၁၀။ အမိအဖ မိသားစု ဆွေမျိုးတို့အား ရိုက်နှက်ပုတ်ခတ်တတ်သူ ကြမ်းတမ်းသော စကားဖြင့် ညှဉ်းဆဲတတ်သူ။

၁၁။ အကျိုးစီးပွားကို မေးမြန်းအပ်သည်ဖြစ်လျက် အကျိုးစီးပွားမဲ့ကို ပြောကြား သွန်သင်တတ်သူ။

၁၂။ ယုတ်မာသောအမှုကို ပြုပြီးလျှင် သူတပါး မသိစေချင်သူ၊ မိမိပြုသော မကောင်းမှုကို ဖုံးကွယ်တတ်သူ။

၁၃။ အဆွေခင်ပွန်းတို့ကို တတ်နိုင်ပါလျက် (အတုံ့အပြန်) မကျွေးမွေးတတ်သူ။

၁၄။ လူရှင်ရဟန်း ပရိသတ်အား ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီးဖြစ်လျက် မုသားပြောဆိုခြင်းဖြင့် လှည့်ပတ်တတ်သူ။

၁၅။ ထမင်းစားချိန်ရောက်သော်လည်း လူရှင်ရဟန်း ဗြာဟ္မဏ၊ သမဏတို့ကို စကားဖြင့် ချုပ်ချယ်တတ်သူ။

၁၆။ မောဟဖြင့် မြှေးရစ်သည်ဖြစ်၍ တစုံတခုသော ဝတ္ထုကို ရှာမှီးလာသည်ရှိသော် မသူတော်တို့ စကားကို ပြောဆိုသူ။

၁၇။ မိမိကိုယ်ကို ချီးမြှောက်ပလွှား၍ သူတပါးတို့ကို မူကား ရှုတ်ချ၏၊ မိမိကိုယ်ကို ပလွှားမှု သူတပါးတို့ကို ရှုတ်ချမှုဟူသော မိမိမာနကြောင့် ဆုတ်ယုတ်သူ။

၁၈။ သူတပါးပေးလှူသည်ကိုလည်း ဝန်တိုမှု ရှိသူ၊ ယုတ်မာသော အလိုရှိသူ၊ ဝန်တို စေးနဲ၍ စဉ်းလဲကောက်ကျစ်သူ၊ အရှက်မရှိ၊ အကြောက်မရှိသူ။

၁၉။ မြတ်စွာဘုရားရှင်ကို သဗ္ဗညု မဟုတ် စသည်ဖြင့် ရေရွတ်စွပ်စွဲသူ၊ ဘုရားရှင်၏ တပည့်သာဝက ရဟန်း၊ ပရိဗိုဇ်နဲ့ လူတို့ကိုလည်း ရေရွတ်စွပ်စွဲတတ်သူ။

၂၀။ ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ဝန်ခံသူ၊ ထိုသူမျိုးသာလျှင် ဗြဟ္မာနှင့်တကွသော လောက၌ အယုတ်မာဆုံးသောသူ ဖြစ်တယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် လူတွေများများသေမှ ဝမ်းဝပျော်ရွှင်ကြရတဲ့ သုသာန်စောင့် စဏ္ဍာလတွေလိုပဲ အာဏာလု စစ်အခွင့်ထူးခံ အသိုင်းအဝိုင်းနဲ့ သီလယုတ်ညံ့ပြီး အသိဉာဏ်နည်းပါးတဲ့ ဝိဿမလောဘသား စီးပွားရေးသမားတွေဟာ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူတွေ သေကျေပျက်စီး ဒုက္ခရောက်မှ၊ ငိုကြွေးပူဆွေးသောကဝေကြမှ ဝမ်းဝပျော်ရွှင်ကြတာမို့ စိတ်ဓာတ်ပျက်ပြား ယုတ်မာကြတဲ့ ခေတ်ဖျက်စစ်ဓားပြ စဏ္ဍာလနဲ့ ခေတ်ပျက်ဝိသမ စဏ္ဍာလတွေလို့ သတ်မှတ်ရမှာဖြစ်သလို လူယုတ်မာတို့ သွားရာလမ်းဟာလည်း အနိဋ္ဌာရုံများနဲ့ ကြုံတွေ့ရမှာဖြစ်ပြီး သံသရာအဆက်ဆက်မှာလည်း ဘဝဆိုးတွေ ကြမ္မာဆိုးတွေနဲ့သာ ကြုံတွေ့ ဒုက္ခရောက်အောင် စောင့်နေကြမှာ သူတို့ကျူးလွန်‌နေကြတဲ့ မကောင်းမှု ဒုစရိုက်အလုပ် ၃ ပါးကံအကြောင်းတရားတွေရဲ့ အကျိုးဆက်များမှတပါး အခြားမရှိပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024